မြိတ်မြို့နယ်အား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် အသွားအလာ ကန့်သတ်ခြင်း စတင်ဆောင်ရွက်

မြိတ်   ဩဂုတ်   ၂၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ရောဂါဖြစ်ပွားမှုလျော့ကျစေရေး ရည်ရွယ်ချက်ဖြင့် ဩဂုတ်လ(၂၁)ရက်မှစတင်၍ မြို့နယ်အတွင်း အသွားအလာ ကန့်သတ်ခြင်းကို စတင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

“အဓိကကတော့ လူစုလူဝေးဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ထိတွေ့ရာမှ ရောဂါကူးစက်တာ ဖြစ်တဲ့အတွက်ကြောင့် မလိုလားအပ်ဘဲ အိမ်အပြင်ကို ကိစ္စမရှိဘဲ မထွက်ကြဖို့၊ ထွက်မယ်ဆိုရင်လည်း တစ်ဦးသာထွက်ခြင်း အားဖြင့် ပြင်ပမှာ ထိတွေ့မှုနည်းပြီး ကူးစက်မှုကို လျော့ချနိုင်ဖို့ ရည်ရွယ်ပြီး ဆောင်ရွက်တာဖြစ်ပါတယ်” ဟု မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာမင်း က ပြောသည်။

မြိတ်မြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းကာလအတွင်း မေလမှစတင်၍ ရောဂါပိုးကူးစက်မှုနှင့် သေဆုံး မှုများရှိသဖြင့် အသွားအလာ ကန့်သတ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နေအိမ်တစ်အိမ် တွင် တစ်ဦးသာ အပြင်ထွက်ခွင့်ကတ်ပြားဖြင့် သွားလာခွင့် ပြု၍  ကတ်ပြားမရှိသူများ အပြင်ထွက်ခွင့်ကန့်သတ် ထားရှိကြောင်း၊ အသွားအလာကန့်သတ်ဆောင်ရွက်ပြီး စစ်ဆေးရေးအဖွဲ့များဖြင့် နေရာ(၁၅) နေရာ၌ စစ်ဆေး ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။

“ကိုဗစ်ရောဂါက ထိတွေ့မှုကစပြီးကူးစက်တာဖြစ်တဲ့အတွက် ထိတွေ့မှုနည်းနိုင်သမျှနည်းအောင် ဆောင်ရွက်နေခြင်းဖြင့် ကူးစက်မှု တဖြည်းဖြည်း လျှော့ချနိုင်မယ်လို့ မျှော်လင့်ပြီး ဆောင်ရွက်နေပါတယ်။ ပြည်သူတွေ အနေနဲ့ စည်းကမ်းတကျ လိုက်နာဆောင်ရွက်ပေးကြဖို့ တိုက်တွန်း လိုပါတယ်။ သွားလာမှုများပြားတဲ့အတွက် တစ်အိမ်တစ်ယောက်ထွက်ဖို့ ကန့်သတ်ဆောင်ရွက်တာဖြစ်တဲ့အတွက် ပြည်သူတွေ အနေနဲ့ ထွက်လို့မရတော့ဘူး ဆိုပြီး စိုးရိမ်ပူပန်မှုမရှိကြဖို့ ပြောကြားလိုပါတယ်”ဟု မြိုနယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဖြည့်စွက်ပြော ကြားသည်။

မြိတ်မြို့နယ်အတွင်း အသွားအလာကန့်သတ် ဆောင်ရွက်နေစဉ် ကာလအတွင်း ရုံးဝန်ထမ်းနှင့် စက်ရုံ အလုပ်ရုံ လုပ်သားများအနေဖြင့် သက်ဆိုင်ရာနှင့် စက်ရုံအလုပ်ရုံများမှထုတ်ပေးသည့် စိစစ်ရေးကတ်ပြားများဖြင့် သွားလာ၍ရကြောင်း၊ သွားလာသည့်အခါတွင် စက်ရုံ အလုပ်ရုံ လုပ်ငန်းခွင်သို့သာ သွားရမည်ဖြစ်ကြောင်း၊ အဆိုပါ ကတ်ပြားဖြင့် မသက်ဆိုင်သည့်နေရာသို့ သွားလာ၍မရကြောင်း၊  ကျန်းမာရေး ကိစ္စများတွင် ပရဟိတအဖွဲ့များနှင့် ချိတ်ဆက်၍ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရောဂါကူးစက်မှု ယခုထက်ပိုမိုများပြားလာပါက အချိန်ကာလ ကန့်သတ်သွားလာခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ရောဂါဖြစ်ပွားမှုလျော့ကျစေရေး ရည်ရွယ်၍ အသွားအလာကန့်သတ် ဆောင်ရွက်ခြင်းကို စစ်ဆေးရေးအဖွဲ့များဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်နေစဉ်ကာလအတွင်း စိစစ်/ စစ်ဆေး/ ကူညီထောက်ပံ့ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့နှင့်  စစ်ဆေး/ကူညီထောက်ပံ့ရေးအဖွဲ့များအား ဖွဲ့စည်း ဆောင်ရွက် လျက်ရှိသည်။ အသွားအလာ ကန့်သတ် ဆောင်ရွက်နေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )