ကချင်ပြည်နယ် ဝန်ကြီးချုပ်မှ ဝိုင်းမော်မြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ဆန်ရိက္ခာနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများ သွားရောက်ထောက်ပံ့

မြစ်ကြီးနား      ဩဂုတ်   ၂၂

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ပြည်နယ် သယံဇာတ ဝန်ကြီး ဦးတိန့်ဆောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် သြဂုတ်လ ၂၀ ရက်နေ့ ညနေ၃ နာရီအချိန်က ဝိုင်းမော်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ဆန်ရိက္ခာနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများအား သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ 

ရှေးဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆမားခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊  လဘန်၊ တန်ဘောင်၊ မဒိန် ၊ခကွမ်ရပ်ကွက်နှင့် ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လတ်တလော နယ်မြေအခြေအနေအရ ယာယီ တိမ်းရှောင်နေရသည့် ပြည်သူများ၏ နေထိုင်စားသောက်မှုအခြေအနေများကို မေးမြန်းဆွေးနွေးကာ ပြည်နယ် ဝန်ကြီးချုပ်က နယ်မြေအခြေအနေအရ လက်ရှိရွေ့ပြောင်း နေထိုင် သည့်နေရာများတွင် မိသားစုဝင်များ၏ လုံခြုံမှုရှိစေရေး၊ နေထိုင် စားသောက်မှု အဆင်ပြေစေရေးနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေး ၊နယ်မြေ တည်ငြိမ် အေးချမ်းမှုရှိစေရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း တိုက်တွန်းအားပေး ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ် နှစ်ခြင်းသင်း တော်များအဖွဲ့ရုံးသို့ ဆက်လက်ထွက်ခွာပြီး အဆိုပါရုံးရှိ ယာယီနေရပ်စွန့်ခွာပြည်သူများ နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကာလ ဖြစ်တာကြောင့် Stay at home စည်းမျဉ်း စည်းကမ်းများအား အလေးထားလိုက်နာ ကြရန်နှင့် မကြာမှီအချိန်အတွင်း လူတိုင်း ကာကွယ်ဆေးထိုးနှံနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပြီးနောက် ပြည်နယ် သယံဇာတ ဝန်ကြီးဦးတိန့်ဆောင်မှ ဖြည့်စွက် အမှာစကားပြောကြားသည်။ အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်တာဝန်ရှိသူများမှ ဆန်အိတ် (၁၅) အိတ်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း(Mask)နှင့် လက်အိတ်များအား ထောက်ပံ့ ပေးအပ်ရာ အဆိုပါရုံးတာဝန်ခံမှ လက်ခံရယူပြီးနောက်ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ယာယီနေရပ်စွန့်ခွာပြည်သူများအား နေထိုင်ရေးအတွက် ကူညီဆောင်ရွက် ပေးသော အသင်းတော်များနှင့်ဘုန်းတော်ကြီးကျောင်းမှ တာဝန်ရှိသူများအား များစွာကျေးဇူး တင်ရှိပါကြောင်း နှင့်  ယခုလို ထောက်ပံ့ပေးအပ်ရခြင်းမှာ အစိုးရနှင့်ပြည်သူလူထုကြား တစ်သားထဲရှိကြောင်း ဖော်ပြလိုခြင်း ဖြစ်ပြီး လတ်တလောကြုံတွေ့နေရသည့်အခက်အခဲများအား အစိုးရအဖွဲ့အနေဖြင့် တတ်စွမ်းသရွေ့ ကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အားပေးစကား ပြောကြားခဲ့သည်။

ထိုမှတဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုင်းနားကျေးရွာ RCယာယီနေရပ်စွန့်ခွာ တိုက်ပွဲရှောင် စခန်းသို့ရောက်ရှိ ပြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးကာလဖြစ်တာကြောင့် လတ်တလော စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်ပြီး ဆန်(၁၀)အိတ်၊ နှာခေါင်းစည်းနှင့် လက်အိတ် များအား ထောက်ပံ့ပေးအပ်ပြီး အဆိုပါစခန်း တာဝန်ခံနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့သည်။ 

ယနေ့ထောက်ပံ့မှုတွင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာ (၄)ရွာနှင့် မိုင်းနား ကျေးရွာရှိ ယာယီနေရပ်စွန့်ခွာစခန်း(၂)ခုတို့အတွက် စုစုပေါင်း ဆန်အိတ်(၄၅)အိတ်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကို ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)