စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေးနှိုးဆော်

စုကလိ        ဩဂုတ်    ၂၁

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ညနေ ၄ နာရီအချိန်တွင် စုကလိမြို့ အုပ်ချုပ်ရေးမှူး ဦးသူရိန်မင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဇော်နိုင်လင်း နှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။

ထိုသို့နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြတ်တောက်ပြီး ထိထိရောက်ရောက် ကာကွယ်နိုင်ရန် အိမ်တွင်း၌သာနေထိုင်ရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင်လက်မခံရန်၊ မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်း ရှောင်ကြရန်၊ လက်ကိုဆပ်ပြာနှင့် စနစ်တကျဆေးရန်၊ နေအိမ်ရှိ ပြူတင်းပေါက်များအား လေဝင်လေထွက် ကောင်းအောင်ဖွင့်ထားရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ဆက်သွယ်ပြီး ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်တားဆီး ကာကွယ်နိုင်ရန်အတွက် ရောဂါကာကွယ် တားဆီးရေး လုပ်ငန်းကို ပြည်သူများ ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် စသည့် အချက်များကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာနေ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး Sound box၊ Hand speaker တို့ဖြင့် လှည့်လည် နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ဇော်နိုင်လင်း