ကျောက်ဖြူမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ကျောက်ဖြူ   ဩဂုတ်  ၂၁                                    

ရခိုင်ပြည်နယ်သည် ကမ်းရိုးတန်းဒေသဖြစ်သည့်အတွက်ကြောင့် မိုးဦး၊ မိုးလယ်၊ မိုးနှောင်းကာလများတွင် မုန်တိုင်းအန္တရာယ်နှင့် မိုးရာသီကာလအတွင်း ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့လာပါက အချိန်မီကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဌာနဆိုင်ရာ ဝန်ထမ်းများမှ ပူးပေါင်းပြီး လူစည်ကားရာနေရာများသို့ သွားရောက်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မီးသတ်ဦးစီးဌာနနှင့် ပတ်ဝန်ကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ဖြင့် ပူးပေါင်း ကာ  လူသွားလူလာများသည့် နေရာများဖြစ်သော လမ်းဆုံ၊လမ်းခွနေရာများ၊ အငှားယာဉ်ဂိတ်များနှင့် ဈေးများအတွင်းရှိ ကုန်စုံဆိုင်ခန်းများ၊ သား/ငါးဈေးတန်း၊ ဟင်းသီးဟင်းရွက် ဈေးတန်းနှင့် ကယ်ရီဂိတ်များသို့ သွားရောက်၍ ဈေးရောင်း၊ ဈေးဝယ်နေသူများ၊ ဈေးသွား၊ ဈေးပြန်များနှင့် အငှားယာဉ်မောင်းနှင်သူများကို အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေ ပေးခဲ့ကြသည်။

၎င်းလက်ကမ်းစာစောင်တွင် မုန်တိုင်းဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းများ၏အန္တရာယ်ကို နားလည်လွယ်စေရန် အရောင်များဖြင့် သတိပေးစနစ်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ် ပြီးချိန်တွင် ပြုလုပ်ရန် အချက်များစသော အသိပညာပေးများအား ရုပ်ပုံများဖြင့်  ဝေဝေဆာဆာ ဖော်ပြထားကြောင်း  သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း