ဇလွန်မြို့နယ်တွင် မြစ်ရေဝင်ကျေးရွာအုပ်စုများသို့ တိရစ္ဆာန်အစာနုအိတ်များ ပေးအပ်

ဇလွန် သြဂုတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် မြစ်ရေဝင်ကျေးရွာအုပ်စုများသို့ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဖြန့်ဖြူးသော တိရစ္ဆာန် အစာနုအိတ်များ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်တွင် ဇလွန်မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။


အခမ်းအနားတွင် ဇလွန်မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယဦးစီးမှူး ဒေါက်တာ လေးမွန်ကြည်က သဘာဝဘေး ကြုံတွေ့သည့်အခါ ရေကြီးနစ်မြုပ် ကျေးရွာများတွင် အသုံးပြုရန် တိရစ္ဆာန် အစာနုအိတ်များ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

တိရစ္ဆာန်အစာနုအိတ်များ ထောက်ပံ့ပေးအပ်ရာတွင် မြစ်ရေဝင်ကျေးရွာအုပ်စုများဖြစ်သော တောင်ပို့ တစ်ရာကျေးရွာ၊ မြစ်ဝကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ အရှေ့လေးတူးကျေးရွာ၊ နန်းတော် ကျွန်းကျေးရွာ၊ ရေလဲကျေးရွာအုပ်စုများသို့ တိရိစ္ဆာန်အစာနုအိတ်များကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ခဲ့​ကြသည်။


တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဇလွန်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ သဘာဝဘေးကြုံတွေ့သည့် ကျေးရွာများတွင် အသုံးပြုရန် ဖြန့်ဖြူးသည့် နွားအစာနုအိတ် ၁၄၀ ၊ ဝက်အစာနုအိတ် ၄၀ အနက်မှ ဇလွန်မြို့နယ်အတွင်း မြစ်ရေဝင်ရောက်နေသော ကျေးရွာများသို့ နွားအစာနုအိတ် ၈၀ ၊ ဝက်အစာနုအိတ် ၃၀ ကို ပထမအကြိမ် ဖြန့်ဖြူးခြင်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာလေးမွန်ကြည်၏ ပြောကြားချက်အရ သိရသည်။


ဝေယံ - ဇလွန်(ပြန်/ဆက်)