ချောက် ဩဂုတ် ၁၃
၂ဝ၂ဝပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင် စာရင်းများ ရရှိရန်နှင့် မဲဆန္ဒရှင်များ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး အတွက် ပထမအကြိမ်အဖြစ် မဲဆန္ဒရှင် အမည်စာရင်း များကို ချောက်မြို့နယ်အတွင်းရှိ သတ်မှတ်မဲရုံနေရာအသီးသီးတို့တွင် ဇူလိုင်လ (၂၅) ရက်မှစ၍ ထုတ်ပြန် ကြေညာထားရာ ယမန်နေ့အထိ မဲစာရင်းကပ်ထား ကြေညာရာနေရာသို့ လာရောက်ကြည့်ရှု၍ ပြင်ဆင်ရန်အတွက် လျှောက်ထားလျက်ရှိကြောင်း သိရသည်။
ချောက်မြို့နယ်အတွင်း ဇူလိုင်လ (၂၅)ရက်နေ့မှ ဩဂုတ်လ(၁၂)ရက်နေ့ ထိ မဲစာရင်းလာ ရောက်ကြည့်ရှု သူ(၄၉၇၇၇)ဦးမှ အမည်စာရင်းမပါရှိ၍ ပုံစံ(၃)ဖြင့် လာရောက်လျှောက်ထားသူ (၄၉၇)ဦး၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေ၍ ပုံစံ(၄)ဖြင့် လာရောက်ကန့်ကွက်သူ(၁၄၈)ဦး၊ မဲစာရင်းတွင် ကိုယ်ရေး အချက်အလက် မှားယွင်းသဖြင့် ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ရန် လာရောက်လျှောက်ထားသူ (၈၉၃) ဦးရှိကြောင်း ချောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။
ချောက်မြို့နယ်အတွင်းရပ်ကွက် ( ၂၀)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၅၁) အုပ်စုတို့တွင် မဲရုံ(၂၅၉)ရုံ ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၁၆၀၃၅၈)ဦးရှိကြောင်း ချောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဒေါ်ချောစုရည်ထံမှ သိရသည်။
မချို(ပြန်/ဆက်)