ကျိုက်ထို ဩဂုတ် ၁၃
မွန်ပြည်နယ်၊ သထုံခရိုင်ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ် စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း ကာ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်သန်းသန်းမော်က စာပေဖတ်ရှုမှုမြင့်မားရေးနှင့်စာဖတ်ဝိုင်းပြုလုပ်ရသည့်ရည်ရွယ်ချက်တို့ကိုဆွေးနွေး ပြောကြားခဲ့သည်။စာဖတ်ဝိုင်းတွင် စာပေချစ်သူများနှင့် YouthClub အဖွဲ့၀င်များက စာရေးဆရာ ဖေမြင့် ရေးသားသည့် "အပြောင်မြောက်ဆုံး ဘဝတစ်ခုတည်ဆောက်ခြင်း" စာအုပ်ကို နှစ်သက်ရာ အခန်း အလိုက် ဖတ်ရှုဆွေးနွေးကြရာ Book Club အဖွဲ့နာယကနှင့် တက်ရောက်လာကြသူများက ထပ်မံသိလို သည်များနှင့် မှတ်သားသင့်သည်များကိုပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခဲ့ကြပြီး ကျိုက်ထို မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင် များ၊Youth Clubအဖွဲ့မှ လူငယ် များတက်ရောက် ခဲ့ကြောင်းသိရသည်။
၀င်းမောင်(ကျိုက်ထို)