ပန်းတနော်မြို့တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ပြီးစီး၍ အောက်ဆီဂျင်စမ်းသပ်ထုတ်လုပ်

ပန်းတနော်၊ သြဂုတ် ၂၁

 

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့ မြို့ကွက်သစ်ရပ်ကွက် ရန်ကုန်- ပုသိမ် ကားလမ်းရှိ လူမှုကူညီရေး အသင်းရုံးဘေးတွင် အောင်သပြေကုမ္ပဏီမှ လှူဒါန်းထားသည့် အောက်ဆီဂျင် စက်ရုံတည်ဆောက်ပြီးစီး၍ အောက်ဆီဂျင်စမ်းသပ်ထုတ်လုပ်နေမှုအား သြဂုတ်၂၀ ရက် မွန်းလွဲ ၃ နာရီက စမ်းသပ်ထုတ်လုပ်ခဲ့သည်။

 

အဆိုပါ အောက်ဆီဂျင်စက်ရုံစမ်းသပ်ထုတ်လုပ်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များသွား  ရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး စမ်းသပ် ထုတ် လုပ်မှုရလဒ်အရ ၁ နာရီလျှင်အောက်ဆီဂျင် ၄၀ လီတာအိုး ၆ လုံး ထုတ်လုပ်နိုင်မည်ဖြစ်ပြီး တစ်ရက်လျှင် ခန့်မှန်းအောက်ဆီဂျင် ၄၀ လီတာအိုး ၁၀၀ကျော်ခန့်ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

အောက်ဆီဂျင်စက်ရုံမှ ရရှိလာသော အောက်ဆီဂျင်အိုးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပန်းတနော်မြို့နယ်ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံ ၅ ခုအား ဦးစားပေးဖြန့်ဝေပေးသွားမည်ဖြစ်ပြီး မြို့နယ် အတွင်းလုံလောက်မှုရှိလာပါက ပထမဦးစားပေးအနေဖြင့် အောက်ဆီဂျင်လိုအပ်လျက်ရှိသော ခရိုင်အတွင်းရှိမြို့ နယ်ပြည် သူ့ဆေးရုံများနှင့် နီးစပ်ရာမြို့နယ်များမှ ပြည်သူ့ဆေးရုံများသို့ စနစ်တကျ အခမဲ့ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဗိုလ်က ပြောကြားသည်။

 

မြို့နယ်( ပြန်/ ဆက်)