သရက်ချောင်း ဩဂုတ် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များမှ စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့်ကွမ်းယာဆိုင်များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ စနစ် တကျရောင်းချနေမှုရှိ/ မရှိကို ယမန်နေ့နံနက် ၁၀နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် သရက်ချောင်းမြို့နယ် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ပူးပေါင်းအဖွဲ့ဝင်များက ကိုဗစ် - ၁၉ ရောဂါကူးစက်မှုနှုန်းကို ကာကွယ်ထိန်းချုပ်သည့်အနေဖြင့် မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ကွမ်းယာဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်များအတိုင်း ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း၊ ဈေးရောင်း ဈေးဝယ်များမှ ပါးစပ်၊ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင် ရောင်းဝယ်ကြရေး ၊တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာမှ ဈေးရောင်းဈေးဝယ်ပြုကြရန်၊ လက်ဆေးဘေစင်နှင့် အပူချိန် တိုင်းစက်များ ထားရှိရေး စသည်တို့ကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ စစ်ဆေးခဲ့သည်။
စစ်ဆေးချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန် ချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိသော စျေးဆိုင်များအား ဒဏ်ငွေပေးဆောင် စေခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်မည်ဖြစ် ကြောင်းသိရသည်။
ကေခိုင်ဝင်း( သရက်ချောင်း)