မြောက်ဥက္ကလာပမြို့နယ်တွင် သက်သာသောဈေးနှုန်းများဖြင့် စားသောက်ကုန်များ လှည့်လည်ရောင်းချ

မြောက်ဥက္ကလာပ ဩဂုတ်  ၂၁

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများ စားဝတ်နေရေး အဆင်ပြေ ချောမွေ့စေရန်နှင့် အဓိက စား​သောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်၍  ဆန်၊  ဆီနှင့် ကြက်ဥများအား ​ရွေ့လျားမော်တော်ယာဉ်ဖြင့်  ယနေ့ နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (၁)ရပ်ကွက်နှင့် (၂)ရပ်ကွက်တို့တွင် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရှိရ သည်။

ထို့သို့ရောင်းချပေးရာတွင် ပေါ်ဆန်းမွှေးဆန်တစ်ပြည် ၁၇၀၀ ကျပ်၊ ဧည့်မထဆန်တစ်ပြည် ၁၀၀၀ ကျပ်၊ ကြက်ဥ(၁၀)လုံး ၁၃၀၀ ကျပ်၊ ဆီ(၅၀) ကျပ်သား တစ်ဘူး ၁၈၅၀ ကျပ် စျေးနှုန်းတို့ဖြင့် ​စျေးနှုန်း သက်သာစွာ လိုက်လံရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။           

အဆိုပါ ရောင်းချရာနေရာတွင် လူစုလူဝေး မဖြစ်စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ချမှတ်ထား သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ  ရောင်းဝယ်နိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦး​ငြိမ်းထွေး၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းတို့ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မြမြဝင်း