လေးမျက်နှာ သြဂုတ် ၁၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဟင်္သာတခရိုင် မြေ၊ မျိုး၊ ပိုး တာဝန်ခံများမှ လေးမျက်နှာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး နည်းပညာပေး သင်တန်းကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါစိုက်ပျိုးရေးဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစောဝင်းရွှေက သင်တန်းအဖွင့်အမှာစကား ပြောကြားပြီး ခရိုင်သီးနှံ ကာကွယ်ရေး တာဝန်ခံ ဒေါ်ခင်ခင်မြင့်က ဝန်ထမ်းများအား သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်မြေအသုံးချရေးတာဝန်ခံမှ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် နည်းပညာများ ကိုလည်းကောင်း၊ ခရိုင်မျိုးစေ့တာဝန်ခံမှ မျိုးကောင်းမျိုးသန့် အသုံးပြုခြင်းနှင့် မျိုးစေ့ထုတ် နည်းပညာများကို လည်းကောင်း၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံမှ ကန္တာရကျိုင်းကောင်နှင့် စိုက်ပျိုးရာသီအလိုက် ကျရောက်တတ်သော ပိုးမွှားရောဂါနှင့် ကာကွယ်နှိမ်နင်းနည်းများကိုလည်းကောင်း အသီးသီး သင်ကြားပို့ချခဲ့ကြသည်။
အဆိုပါသင်တန်းသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူဦးရေ (၁၉) ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။
ရွှေမိုး(လေးမျက်နှာ)