သာယာဝတီ ဩဂုတ် ၁၃
သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စုပေါင်းဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ကျိုက်ထို ဇောတိကာရုံကျောင်းတိုက် ဓမ္မာရုံတွင် Social Distancing နှင့် အညီ ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားတွင် ကျိုက်ထိုဇောတိကာရုံကျောင်းတိုက်ကြီး၏ဦးစီးပဓာန မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယထံမှ ငါးပါးသီလတော်မြတ်အား ဆောက်တည်ခဲ့ကြပြီး ဆရာတော် များမှ ရွတ်ပွားသရဇ္ဇျယ်တော်မူသော အန္တရာယ်ကင်းပရိတ်တရားတော်များ ချီးမြှင့် ခဲ့ကြသည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်လင်းထွန်းနှင့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက သာယာဝတီမြို့နယ်အတွင်းရှိ ဘုန်းကြီး ကျောင်း (၇) ကျောင်းမှသံဃာတော်(၉)ပါးအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများအား လှူဒါန်းခဲ့ပြီး ဘိုကြီးကုန်းကျောင်းတိုက်ကြီး၏ဦးစီးပဓာန နာယက နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်မဟာ သဒ္ဒမ္မဇောတိကဘဒ္ဒန္တ သဒ္ဒမောဒ္ဒယထံမှ ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ပြီး "ဗုဒ္ဓ သာသနံ စိရံတိဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းခဲ့ကြောင်းသိရသည်။
သန့်ဇော်(ပြန်/ဆက်)