ရေတာရှည်၌ “ထာဝရသုခ” အောက်ဆီဂျင်ထုတ်စက်ရုံ စတင်ဖွင့်လှစ် တစ်နေ့လျှင် အောက်ဆီဂျင်အိုး ၄၀ လီတာဆံ့ အိုး (၇၂) လုံး ထုတ်လုပ်ပေးနိုင်

ရေတာရှည် သြဂုတ် ၂၀

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ ကျန်သနွယ်ကျေးရွာအုပ်စု တောင်နန်ချွန်ကျေးရွာ၌ တည်ဆောက်သည့် “ထာဝရသုခ” အမည်ဖြင့် အောက်ဆီဂျင်ထုတ်စက်ရုံ ဖွင့်လှစ်ခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ထိန်ဝင်း နှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်သည်။

အဆိုပါ အောက်ဆီဂျင်ထုတ်စက်ရုံအား ဇူလိုင်လ ၂၆ ရက်နေ့မှစတင်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး PSA Oxygen Generator စက်အမျိုးအစား တပ်ဆင်အသုံးပြုထားခြင်းဖြစ်ကာ တစ်နေ့လျှင် အောက်ဆီဂျင် ၄၀ လီတာဆံ့ အိုးအလုံးရေ ၇၂ လုံး ဖြည့်တင်းထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်းနှင့် စုစုပေါင်း ကုန်ကျငွေကျပ် ကျပ်သိန်း ၁၃၀၀ ခန့်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးဥက္ကာသန်းထံမှ သိရသည်။

၎င်း စက်ရုံအောင်မြင်စွာတည်ဆောက်နိုင်ရေးအတွက် ရေတာရှည်မြို့ တောင်နန်ချွန်ကျေးရွာနေ ဉီးမျိုးဝင်း နှင့် ဒေါ်သန်းသန်းချို မိသားစု တို့မှ စွန့်လွှတ်လှူဒါန်းသည့် ပေ ၆၀ ပတ်လည် မြေကွက် နှင့် ပေ ၆၀၊ ပေ ၄၀ ရှိ သံထည်အဆောက်အဦး တစ်ထပ်နှင့် ရေမီးစက်တို့အား မြို့နေပြည်သူများနှင့် အလှူရှင်များ ထည့်ဝင်လှူဒါန်းမှုများဖြင့် တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ကာ အောက်ဆီဂျင်လိုအပ်သည့် ဝေဒနာရှင် လူနာများ အတွက် အခမဲ့ဖြန့်ဖြူးပေးမည်ဖြစ်ပြီး အထောက်အကူများစွာပေးနိုင်တော့မည်ဖြစ်ကြောင်း ဖြစ်မြောက်ရေး အကျိုးတော်ဆောင် ကော်မတီထံမှ သိရသည်။