ကန့်ဘလူမြို့တွင် တစ်ရက် လီတာ၄၀အိုး ၁၈၀ ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်မည်

 

ကန့်ဘလူ ဩဂုတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်း ကိုဗစ်- ၁၉ ရောဂါပိုးတွေ့အတည်ပြု လူနာများ၊ အခြားအောက်ဆီဂျင်လိုအပ်နေသော လူနာများအတွက် အောက်ဆီဂျင်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန်  ကန့်ဘလူမြို့ ခုတင်၁၀၀ ပြည်သူ့ဆေးရုံဝင်းအတွင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခုတင်၁၀၀ ဆေးရုံအုပ်ဒေါက်တာနေမိုး ၊ဌာနဆိုင်ရာများ နှင့်အတူ ယနေ့နံနက် ၉ နာရီခွဲက အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေး မြေနေရာကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 ယခုတည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံမှ တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး အလုံးရေ ၁၈၀ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး၊ ယင်းအောက်ဆီဂျင်စက်ရုံအားတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးခြင်းဖြစ်ကာ စက်ရုံတစ်ခုလုံး၏ တန်ဖိုးအနေဖြင့် ငွေကျပ်သိန်း ၁၄၀၀ ခန့်ရှိကြောင်း၊ လိုအပ်သောစက်ရုံတည်ဆောက်ခြင်းနှင့် အခြားဆက်စပ်လုပ်ငန်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍  အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းပြီး ဌာနဆိုင်ရာများ၊  မြို့မိမြို့ဖများ၊ ပရဟိတလူမှုကုညီရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)