ဓနုဖြူမြို့နယ်၌ မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်း

ဓနုဖြူ ဩဂုတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ရွေးချယ်ဖွဲ့စည်းခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိမ်းမင်းက ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အငြင်းပွားမှု/ ပြဿနာတစ်စုံ တစ်ရာပေါ်ပေါက်ပါက အချိန်မီ ဖြေရှင်းဆောင်ရွက်နိုင်ရန် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးပြည့်ဖြိုးမိုးက ကော်မတီဖွဲ့စည်းရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲ ဝင်ရောက်သည့် ပါတီနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ကိုယ်စားလှယ်တစ်ဦးစီနှင့် မြို့နယ်အတွင်းရှိ ဩဇာတိက္ကမရှိသူ အများဆုံးငါးဦးဖြင့် ဖွဲ့စည်းရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံများကို ရှင်းလင်း တင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲဝင်ရောက်သည့် နိုင်ငံရေး ပါတီများ၏ ကိုယ်စားလှယ်များက မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီကို ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

 

ထက်ဝေဖြိုး(ပြန်ဆက်)