ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

စစ်တွေ ဩဂုတ် ၂၀

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်  ဒေါက်တာ အောင်ကျော်မင်းက နိုင်ငံတော်အစိုးရအဖွဲ့အနေဖြင့်  အေးချမ်းသာယာပြီး ခေတ်မီတိုးတက်သည့် နိုင်ငံတော်ကြီးကိုတည်ဆောက်နေသောအချိန်တွင် တစ်ဖက်တွင် လည်း ဖွံ့ဖြိုး တိုးတက်မှုများကို အတားအဆီးဖြစ်စေမည့် သဘာဝဘေးအန္တရာယ်များ၊ နိုင်ငံရေး အတားအဆီးများ၊ ကိုဗစ်ရောဂါကူးစက်မှု များပေါ်ပေါက်လာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထိုသို့ဖြစ်ပေါ်လာမှုများကို တပ်မတော်၊ ပြည်နယ်အစိုးရ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ NGO၊ INGO များပူးပေါင်းဆောင်ရွက်ကြသည့်အတွက် မိမိတို့ပြည်နယ်သည်  တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးမှုကို လုပ်ဆောင်နိုင်သော ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ရရှိထားသော အခြေအနေများတွင် ကျေနပ်နေ၍မရနိုင်ပါကြောင်း၊ ပိုမိုကောင်း မွန်အောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် သဘာဝဘေးအန္တရာယ်များကို ကြုံတွေ့လာနိုင်သည့်အတွက် အထူးဂရုစိုက်ပြီး အရေးတကြီး သတိ ထားလုပ်ဆောင်ရမည့်ကာလ ဖြစ်သဖြင့် ယခုအစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ကြောင်း၊ တနည်းအား ဖြင့် တပ်လှန့်ပေးခြင်း ပင်ဖြစ်ပါကြောင်း၊ သဘာဝဘေး အန္တရာယ်ဖြစ်လာသည့်အခါ တတ်နိုင်သလောက်ပျက်စီးဆုံးရှုံးမှု နည်းနိုင်သမျှနည်းအောင်  အန္တရာယ်မကျမီ ကြိုတင်ပြင်ဆင် ခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ၊ ဘေးအန္တရာယ်ကျရောက်သည့်အခါ ရှာဖွေကယ်ဆယ်ရေး အပါအဝင် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ကျရောက်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို စနစ်တကျ ထိရောက်လျင်မြန်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ဘေးမဖြစ်ပွားမီ၊ ဘေးဖြစ်ပွားနေစဉ်၊ ဘေးဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို အနီးကပ်ကြီးကြပ်၍ ထိရောက်စွာဆောင်ရွက်နိုင်ရန် စီစဉ်ဆောင် ရွက်လျက် ရှိပါကြောင်း၊ ထို့အတူ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်ထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များကိုလည်း အဆင့်ဆင့်ကြီးကြပ် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အနေဖြင့် ယခင်ကထက် ပိုမိုထိရောက် ကောင်း မွန်စွာဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနများကိုလည်း တာဝန်ပေးအပ် ထားပြီးဖြစ်ကြောင်း၊  ရခိုင်ပြည်နယ်အနေဖြင့် ကုန်ခဲ့သည့်လများက ခရိုင်နှင့် မြို့နယ်အချို့တွင် ရေကြီးမှုဒဏ်များကို ခံခဲ့ရပါကြောင်း၊ ထိုဖြစ်စဉ်များတွင် ပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနတို့မှ ထောက်ပံ့ငွေများ၊ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ထောက်ပံ့ ခဲ့ပါကြောင်း၊ ရခိုင်ပြည် နယ်အတွင်းတွင် သဘာဝဘေး အန္တရာယ်မကျရောက်မှီ ကြိုတင်ပြင်ဆင်ခြင်းအနေဖြင့် သဘာဝဘေးဒဏ်ခံ အဆောက်အဦ (၅၇) လုံးကို ဆောက်လုပ်ထားပြီး အရေးပေါ်ဖြစ်ပေါ်လာပါက အသုံးပြုနိုင်ရန်အတွက် အသက်ကယ် ပစ္စည်းများကို ပြည်နယ်အတွင်း ဖြန့်ခွဲ သိုလှောင်ထားပြီး ဖြစ်ကြောင်း၊ ထို့အပြင် သဘာဝဘေး အန္တရာယ် ဖြစ်ပေါ်လာပါက ကောင်းမွန်သည့် စီမံခန့်ခွဲမှုတစ်ရပ် ဖြစ်ပေါ်စေရန် အတွက် အမျိုးသား အဆင့်မှသည် ပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအဆင့်ထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့များကိုလည်း ဖွဲ့စည်းထားပြီး စီမံချက်များရေးဆွဲကာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက် ရှိကြောင်းနှင့် ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများကလည်း မိမိတို့ တာဝန်ယူ ထားရသည့် အပိုင်းများကို စေတနာထားပြီး ကြိုးစား တက်ကြွစွာပူးပေါင်းဆောင်ရွက် သွားကြရန်ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဦးစိုင်းသော်ဝင်းက ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီတုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ဆုံးရှုံးခဲ့မှုများနှင့် ကူညီထောက်ပံ့ ပေးခဲ့မှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ အဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် စီမံချက်များကို အသေးစိတ်ရေးဆွဲနိုင်ရေး၊ ဘေးအန္တရာယ်မဖြစ်မီ ကြိုတင်ပြင်ဆင်ခြင်း၊ ဘေးဖြစ်စဉ်တုံ့ပြန် ဆောင်ရွက် ခြင်း၊ ဘေးဖြစ်ပြီးနောက် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်မည့်ကိစ္စ၊  သင်တန်းများပေးမည့်အစီအစဉ်များနှင့် ယခင်ကဘေး အန္တရာယ်ကျရောက်ခဲ့သည့်ခါ ဆောင်ရွက်ခဲ့မှုများ၏ အားနည်းချက် အားသာချက်များကို ဆွေးနွေးတင်ပြ ကြသည်။

ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက် ဆွေးနွေးတင်ပြကြပြီး ပြည် နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြား ခဲ့ကြောင်းသိရသည်။

 တင်ထွန်း(ပြန်/ဆက်)