မြိတ်မြို့တွင် ပရိယတ္တိစာသင်တိုက်(၄)တိုက်အား ဆွမ်းဆန်၊ ဆီနှင့် ပဲများ လှူဒါန်း

မြိတ် ဩဂုတ် ၂၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်(၄)တိုက်အား နယ်စပ်ရေးရာဝန်ကြီးဌာနမှ လှူဒါန်းသည့် ဆွမ်းဆန်၊ ဆီနှင့် ပဲများကို ယမန်နေ့လယ်ပိုင်းက မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ နှင့် တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့ကြသည်။

ကိုဗစ်ကာလမှာ စာသင်တိုက်တွေကို ဆွမ်းအခက်အခဲများအတွက် အထောက်အပံ့ဖြစ်စေဖို့  လှူဒါန်း တာ ဖြစ်ပါတယ်။  လှူဒါန်းတာက တစ်ပြည်လုံး အတိုင်းအတာနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ လှူဒါန်းတာ ဖြစ်ပါ တယ်။ တိုင်းအတွင်းမှာလည်း လှူဒါန်းပေးလျက်ရှိပါတယ် ဟု မြိတ်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးစံက  ပြောကြားသည်။

ဆွမ်းဆန်၊ ဆီနှင့် ပဲများလှူဒါန်းရာတွင် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဉာဏ်ဇော်၊  ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ပရိယတ္တိစာသင်တိုက်(၄)တိုက်သို့ သွားရောက် ၍ စုစုပေါင်း ဆွမ်းဆန်(၃၅)အိတ်၊ ဆီ(၃၅)ပိဿာ၊ ကုလားပဲ(၇၀)ပိဿာကို ဆရာတော်သံဃာတော်များအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကိုဗစ်ကာလ၌ ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းအခက်အခဲများအတွက် အထောက်အပံ့ဖြစ်စေရန် လှူဒါန်းခြင်းကို ဝန်ကြီးဌာန၏ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့်  လှူဒါန်းခြင်းဖြစ်ကြောင်း  သိရသည်။

 

ခိုင်ထူး