လက်ပံတန်းမြို့နယ်တွင် မဲစာရင်းကြည့်ရှုသူ(၂၇၀၇၉) ဦးထိရှိ

လက်ပံတန်း  ဩဂုတ် ၁၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်အမည်စာရင်းများကို သတ်မှတ် ပုံစံအတိုင်း ဇူလိုင် ၂၅ ရက်နေ့မှ ဩဂုတ် ၇ ရက်နေ့အထိ မြို့နယ် အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာ ထားရှိပြီး မဲဆန္ဒရှင် စာရင်းများ ပိုမိုပြည့်စုံမှန်ကန်စေရန်နှင့် မဲဆန္ဒရှင်များမှ လိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှု များ ဆောင်ရွက်ရန်အတွက် အချိန်ပိုမိုရရှိစေရန်ရည်ရွယ်၍ ဩဂုတ် ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ ထပ်မံ တိုးမြှင့် ကပ်ထား ပေးရာမဲဆန္ဒရှင်များမှ စိတ်ဝင်တစား လာရောက် ကြည့်ရှုကြ ကြောင်းသိရသည်။

လက်ပံတန်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၅၃) အုပ်စု၌ မဲရုံပေါင်း (၁၇၆) ရုံဖွင့်လှစ် သွားမည်ဖြစ်ရာ မဲပေး ပိုင်ခွင့်ရှိသူ (၁၃၀၂၅၅)ဦးရှိပြီး မဲစာရင်းများ စနစ်တကျကပ်ထား ကြေညာ ထားမှုနှင့် ပြည့်စုံမှန်ကန် စေရန် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ကြီးကြပ် ဆောင်ရွက် လျက် ရှိသည်။

လက်ပံတန်းမြို့နယ်တွင် ယမန်နေ့အထိ မဲစာရင်းကပ်ထားမှုအား မဲဆန္ဒရှင်များမှ နေ့စဉ် လာရောက် ကြည့်ရှုသူ(၂၇၀၇၉)ဦး ရှိကြောင်းနှင့် ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်း ပေးရန် တောင်းဆိုသူ (၁၄၇၇)ဦး၊ ပုံစံ(၄)ဖြင့် မဲစာရင်းနှင့် စပ်လျဉ်း သော ကန့်ကွက်လွှာ(၂၃၀)ဦး၊ ပုံစံ(၄-ဂ)ဖြင့် မဲစာရင်းနှင့် စပ်လျဉ်းသော ပြင်ဆင်လွှာ (၇၀၂)ဦး ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ သိရသည်။

ဝင့်နန္ဒာဌေး