ရိခေါ်ဒါရ် သြဂုတ် ၁၃
ရိခေါ်ဒါရ် နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား ၁၀ ဦးတို့သည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် ယမန်နေ့က ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိလာကြပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်ရန် သက်ဆိုင်ရာ Facility Quarantine နေရာအသီးသီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူများသည် အမျိုးသားခြောက်ဦးနှင့် အမျိုးသမီး လေးဦးတို့ဖြစ်ပြီး ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ဆအက်ကျေးရွာ၊ တလန်ဇောလ် ကျေးရွာ၊ ဖွန်သဲကျေးရွာ၊ ရမ်ထလိုကျေးရွာများတွင် နေထိုင်သူများနှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ ကလေးမြို့နယ်၊ မြို့လှကျေးရွာ၊ အိတ်စွပ်ကျေးရွာများတွင် နေထိုင်သူများဖြစ်ကြပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့သို့ အလည်အပတ်နှင့် ကျဘမ်းအလုပ်သွားရောက်ရာမှ နေရပ်ပြန် လာကြသူများဖြစ်ကြောင်း၊ အဆိုပါ နေရပ်ပြန်လာသူတို့အား ရိခေါ်ဒါရ်မြို့ ပြည်ပမှပြန်လာသူများ ကြိုဆိုလက်ခံရေးစခန်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ လဝကဌာန၊ မီးသတ်ဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့် စစ်ဆေးလက်ခံခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းတို့၏ ကျန်းမာရေး အခြေအနေကို စစ်ဆေးဆောင်ရွက်ခဲ့ရာ လက်ရှိအခြေအနေအထိ ကျန်းမာရေး အခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြည်ပမှ နေရပ်ပြန်လာသူ ၁၀ ဦးအနက် ကိုးဦးတို့အား ကလေးမြို့၌ အသွားအလာ ကန့်သတ်ခြင်း Facility Quarantine စောင့်ကြည့်ထားရှိရန်နှင့် ကျန်တစ်ဦးမှာ တီးတိန်မြို့၌ Facility Quarantine စောင့်ကြည့်ထားရှိရန် အသီးသီးပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရိခေါ်ဒါရ် (ပြန်/ဆက်)