ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၇ ဦး၊ ရောဂါသက်သာပျောက်ကင်းသူ ၁၂ ဦး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၃၃၇ ဦးရှိလာ

ကျောက်ဖြူ   ဩဂုတ်  ၁၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ကုတင် ၂၀၀ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်တွင် ကိုဗစ်-၁၉ ရောဂါဖြင့်တက်ရောက် ဆေးကုသမှုခံယူနေသူများအနက် ရောဂါသက်သာပျောက်ကင်းသူ ၁၂ဦး အား ယနေ့၊ နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၃၃၇ ဦးရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရှိရသည်။

ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးရှိ Fever  Cornerနှင့် ဇင်ချောင်း/စနဲ တိုက်နယ်ဆေးရုံများသို့ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုကြပ် စသည့် ကိုဗစ်-၁၉ သံသယရောဂါလက္ခဏာဖြင့် လာရောက်ပြသသူများ၊ ရောဂါကူးစက်ခံရသူတို့နှင့်ထိတွေ့ ဆက်စပ်သူများနှင့် Stay at Home  ဒေသများမှပြန်လည်ရောက်ရှိ လာသူများအား Quarantine Centre ထားရှိပြီး  (RDT) Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉  ရောဂါတွေ့ ရှိသူ ၇ ဦးတွေ့ရှိခဲ့သည်။ ၎င်းတို့မှာ တိုးချဲ့ရပ်ကွက် ကျား ၂ ဦး၊ မ ၁ ဦး၊ တောင်ရင်းရပ်ကွက်မှ ကျား ၁ ဦး၊ ငလပွေ့ရပ်ကွက်မှ ကျား ၁ ဦး၊ ကလန်ကြမ်းအုပ်စု ကျား ၂ ဦးတို့ဖြစ်ပြီး၊ ကိုဗစ်-၁၉  ရောဂါလက္ခဏာမပြပဲ သက်သာပျောက်ကင်းသူစုစုပေါင်း ၁၂ ဦးတို့အား သမားတော်နှင့် တာဝန်ကျသူနာပြုဆရာမတို့က မိမိနေအိမ်တွင် (Stay at Home) အဖြစ် ခုနစ်ရက် အသွားအလာ ကန့်သတ်ကာ သီးသန့်နေထိုင်ရမည် ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာလမ်းညွှန် ချက်များကို တိကျစွာလိုက်နာကြရန်မှာကြားပြီး ဆေးရုံဆင်း လက်မှတ်ပေးအပ်ခဲ့သည်။ ဆေးရုံဆင်းခွင့် ရရှိသူများအား ကျောက်ဖြူမြို့ရှိ ပရဟိတအဖွဲ့များက နေအိမ်သို့ အသီးသီးပြန်လည်ပို့ဆောင်ပေးခဲ့ကြသည်။

ကျောက်ဖြူမြို့နယ်တွင် ဇူလိုင်လ ၃ ရက်နေ့မှ ဩဂုတ်လ ၁၈ ရက်နေ့၊ ညနေ ၅ နာရီအထိ ကိုဗစ်-၁၉ ရောဂါစစ်ဆေးအတည်ပြုသူ ကျား ၂၈၁ ဦး၊ မ ၁၈၃ ဦး၊ စုစုပေါင်း ၄၆၄ ဦးအနက် ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၃၃၇ ဦး၊ဆေးရုံတွင် ဆေးကုသမူခံယူနေသူ စုစုပေါင်း ၈၄ ဦးနှင့် သေဆုံးသူ ကျား ၂၇ ဦး၊ မ ၁၆ ဦး၊ စုစုပေါင်း ၄၃ ဦးရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဖြိုးဝေလင်း၊တင်ထွန်းဦး(ပြန်/ဆက်)