မအီ သြဂုတ် ၁၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့၊ ရတနာ့ မာရ်အောင်တောရဓမ္မရိပ်သာ ကျောင်းဝင်းအတွင်းရှိ ကျောက်တောင်ကြီး၌ အဂ္ဂမဟာကမ္မဌာနာစရိယ ဝနဝါသီ အရှင်ဝါယာမိန္ဒ (မြောက်ဦး ဆရာတော်)၏ သက်တော်(၆၂)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပူဇော်သည့် လျောင်းတော်မူ ဘုရားကြီး သွန်းလုပ်နေမှု မကြာမီ ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။
“ ဆရာတော် အဂ္ဂမဟာ ကမ္မဌာနာစရိယ ဝနဝါသီ အရှင်ဝါယာမိန္ဒ(မြောက်ဦးဆရာတော်)၏ မွေးရပ်မြေ ဇာတိ မအီမြို့ ၊ ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာ ကျောင်းဝင်းအတွင်း၌ ကျောက်တောင်ကြီးအား ထွင်းထု၍ ပူဇော်နေသည့် ဆုတောင်းပြည့် အဓိဋ္ဌာန်အောင် လျောင်းတော်မူ (ကျောက်
ဆစ်လက်ရာ)ဘုရားကြီးမှာ ဉာဏ်တော် ပေ (၉၀) ရှိပြီး တောင်၏ နံရံတွင် ပူဇော်သွန်းလုပ် နေခြင်း ဖြစ်ကာ ဘုရားရှင်သီတင်းသုံးရာ ပလ္လင်တော်ကို မဂ္ဂင်(၈)ပါးအား ရည်ရွယ်လျှက် ဂူပေါက်(၈)ပေါက်ထွင်းထုပြီး၊ ထိုဂူပေါက် တစ်ပေါက်လျှင် ဉာဏ်တော်အမြင့် (၃) ပေရှိသည့် ထိုင်တော်မူဘုရားဆင်းထုတော် တစ်ဆူစီထည့်သွင်းပူဇော်ရန် စီစဉ်ထားပါကြောင်း” ဂေါပက အဖွဲ့ တစ်ဦးထံမှ သိရသည်။
အဆိုပါ ဘုရားကြီးကို မန္တလေးမြို့၊ စကျင်တောင် ဦးစံဟိန်းအဖွဲ့မှ စီမံဖန်တီး ပူဇော်နေခြင်းဖြစ်ပြီး ဘုရားကြီး၏ ပလ္လင်တော် အဖြစ် ထွင်းထုထားသည့် ဂူပေါက်(၈)ပေါက်တွင် မန္တလေးမြို့၊ စကျင်တောင်မှ ဉာဏ်တော်အမြင့်(၃)ပေတစ်ဆူနှင့် ဂူတစ်ပေါက်လျှင် ၁၀ သိန်းကျပ်ဖြင့် လှူဒါန်းနိုင်ပါကြောင်းလည်း သိရှိရသည်။
သိန်းထွန်းအောင်(ပြန်/ဆက်)