ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် တွေ့ဆုံ

စစ်တွေ ဩဂုတ် ၁၉

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ ယနေ့ နံနက်ပိုင်းက ပြည်နယ်စည်ပင်သာရေးအဖွဲ့ရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည့် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။

တွေ့ဆုံပွဲတွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက တစ်ဦးချင်း နှုတ်စကားပြောကြားကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေးလုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉) ရပ်နှင့်အတူ ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်း ရေးကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့ အစိုးရအဖွဲ့တာဝန်ယူ သည့် အချိန်တွင် နိုင်ငံရေးအခက်အခဲများ၊ စီးပွားရေးအခက်အခဲများအပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးကို ဦးစားပေးအနေဖြင့် ဆောင်ရွက် နေရပါကြောင်း၊ ယခုအချိန်တွင် ရခိုင်ပြည်နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကို အထိုက်အလျောက် ကာကွယ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထို့ကြောင့် ဖွံ့ဖြိုး တိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးကို ဦးစားပေးလုပ်ရမည့် အချိန်ကို ရောက်ရှိလာပြီဖြစ် ကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်သည့်အခါ သက်ဆိုင်ရာဌာနများနှင့် တွေ့ဆုံပြီး ဌာနဆိုင်ရာ များ၏ လုပ်ဆောင်ချက်များ၊ ဌာနအဖွဲ့အစည်းများ အားတာဝန်ပေးပြီး မိမိတို့အနေဖြင့် အားနည်းချက်၊ အားသာချက်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးရမည့် အခြေအနေများကို လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း၊ ဌာနဝန်ထမ်းများအနေဖြင့် ယခုတွေ့ ဆုံပွဲတွင် ပွင့်ပွင့်လင်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်စည်ပင်သာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးသက်ထွန်းက ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် တစ်မြို့နယ်ချင်းတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ အခွန်ကောက်ခံရရှိမှု၊ ဝန်ထမ်းအင်အားခန့်ထား ဆောင်ရွက်နေမှု၊ စက်ယန္တယားများဖြင့် မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာ ကောင်းမွန်ရေးနှင့် အမှိုက် သိမ်းဆည်းဆောင်ရွက်နေမှု၊ စက်ယန္တယားများ လိုအပ်မှုစသည်တို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် အစိုးရအဖွဲ့ အတွင်းရေးမှူး တို့က ပြည်နယ်တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေသည့်အခြေအနေများ၊ ဝန်ထမ်းများထဲတွင် စည်ပင်ဝန်ထမ်း များသည် အောက်ခြေပြည်သူများနှင့် ဆက်စပ်လုပ်ဆောင်နေရသော ဝန်ထမ်းများ ဖြစ်သည့်အတွက် စေတနာ၊ မေတ္တာ တရားရှေ့ထား လုပ်ဆောင်ရမည့် အခြေအနေများ၊ ဝန်ထမ်းများဖြစ်သည် နှင့်အညီ ဝန်ထမ်းစိတ်ထားကာ မိမိတို့ လုပ်ငန်းတာဝန်များကို ထမ်းဆောင်သွားရမည့်အခြေအနေ၊ ရသင့် ရထိုက်သည့်အခွန်အခများကို ရည်မှန်းချက်ပြည့်မီစွာ ရရှိရေးဆောင်ရွက်ရမည့်အခြေအနေ၊ မြို့ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်သည့်အခါ လမ်းများကြံ့ခိုင် ကောင်းမွန်ရေး အတွက် ကြိုးစားဆောင်ရွက်ရမည့် အခြေအနေ၊ ပြုပြင်ဆောင်ရွက်ရမည့် စက်ယန္တယားများအား ပြုပြင်ဆောင်ရွက် ပေးမည့် အခြေအနေ၊ ရေစီးရေလာကောင်းမွန်ရေး၊ လမ်းမီးများစနစ်တကျ ဆောင်ရွက်နိုင်ရေး၊ ရေရရှိရေး၊ မြို့များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေမှ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေနှင့် မြို့ရွာဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ဆက်လက်ကူညီထောက်ပံ့ ဆောင်ရွက် သွားမည့်အခြေအနေတို့ကို အကြံပြုဆွေးနွေးကြသည်။

တင်ပြဆွေးနွေးချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း