ညောင်ဦး ဩဂုတ် ၁၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ အာယုသုခဆရာတော် ဦးပညာဇောတမှ မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေရှားပါးသည့် ကျေးရွာများသို့ ယနေ့နံနက်၉နာရီ အချိန်မှစတင်၍ သောက်သုံးရေ လှူဒါန်းခဲ့ကြောင်းသိရသည်။
ညောင်ဦးမြို့နယ် သောက်သုံးရေ ရှားပါးသည့်ကျေးရွာများဖြစ်သော ဝက်သဲကျင်းတဲတိုက်၊ နန်းတော်ရာတဲတိုက်သို့ သောက်သုံးရေ ၂၄၀၀ဂါလံ လှူဒါန်းပေးခဲ့ကြောင်း အေးမေတ္တာ ရေအလှူတော်အသင်း ဦးဝင်းမင်းထွန်းကပြောကြားသည်။ညောင်ဦးမြို့နယ်တွင် သောက်သုံးရေ ရှားပါးသည့်ကျေးရွာ/တဲတိုက် ၈၀ကျော်ရှိပြီး အချို့ကျေးရွာများစက်ရေတွင်း/အဝီစိတွင်း များရှိသော်လည်း ထုံးဓာတ်ပါဝင်မှုများခြင်းကြောင့် သောက်သုံး၍မရခြင်း ၊ထမင်းဟင်း ချက်သော်လည်း ပျက်စီးလွယ်ခြင်းများကြောင့် မြေသားရေလှောင်ကန်များမှ ရေကိုမှီခိုအားထား နေရကြောင်း၊ မြေသားရေလှောင်ကန်များမှရေကုန်လျှင် အလှူရှင်များ လှူဒါန်းသည့် ရေကိုသာ အသုံးပြုကြကြောင်း သိရသည်။
ပခုက္ကူမြို့ အာယုသုခဆရာတော်သည် ပခုက္ကမြို့အတွက် အောက်ဆီဂျင်အခမဲ့ဖြန့်ဖြူးပေးနေသည့်ဆရာတော်ဖြစ်ကာ တပည့်သာဝကများဖြင့် လူမှုအကျိုးပြုလုပ်ငန်းများကို အားတက်သရောပြုလုပ်နေသည့် ဆရာတော်ဖြစ်ကြောင်းလည်း သိရသည်။
ကိုထိန်၊KPD