ဇီးကုန်းမြို့နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့မှ ဆေးဆိုင်များအား စစ်ဆေး

ဇီးကုန်း သြဂုတ် ၁၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက် စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့မှ ဇီးကုန်းမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဆေးဆိုင်(၁၀)ဆိုင်အား ယနေ့ နံနက် ၁၀ နာရီက လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်မားနေသည့် ကာလတွင် ဈေးကွက်အတွင်း ကူးစက်ရောဂါကာကွယ်ကုသရေး ဆေးဝါး၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြု ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် အခြားဆေးဝါးများ သတ်မှတ် အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက် စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့၏ လုပ်ငန်း တာဝန်များမှာ  (က) ဈေးကွက်အတွင်း ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြု ပစ္စည်းများ သတ်မှတ် အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးအတွက် မြေပြင်စစ်ဆေး ဆောင်ရွက်ရန်၊ (ခ) ဆေးဆိုင်များ အားလုံး နေ့စဉ် ပုံမှန်ရောင်းချစေရေး  ကြပ်မတ်ဆောင် ရွက်ရန်၊ (ဂ) ဆေးဆိုင်များ၏ ဆေးဝါးနှင့် ဆေးပစ္စည်း လက်ကျန် စာရင်းများ ကောက်ယူပြုစုရန်နှင့် ဈေးကွက်လိုအပ်ချက်စာရင်းပြုစုရန်၊ (ဃ) ဆေးဝါးနှင့်ဆေးပစ္စည်းများ ပြည်ပမှ တင်သွင်းသည့် လုပ်ငန်းရှင်များနှင့် ထုတ်လုပ်သည့်စက်ရုံများ၏ အခက်အခဲများရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြပြီး ကူညီပံ့ပိုးပေးရန်၊ (c) ဆေးဝါး၊ဆေးပစ္စည်း တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများမှာ မော်တော်ယာဉ်များနှင့် ဝန်ထမ်းများ သက်ဆိုင်ရာ ဆေးဆိုင်များနှင့် ဆေးသိုလှောင်သည့်နေရာများသို့ ဝင်ရောက်ကုန်ချနိုင်ရေး ကူညီပံ့ပိုးပေးရန်၊ (စ) ဆေးဝါးနှင့် ဆေးပစ္စည်းကုမ္ပဏီနှင့် ဆေးဆိုင်များမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး ဦးစားပေးကူညီဆောင်ရွက်ပေးရန်၊ (ဆ) ဈေးကွက်အတွင်း ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ တရားမဝင်ကုန်ပစ္စည်းများ၊ အတုအပနှင့် အရည်သွေးနိမ့်ပစ္စည်းများ၊ ရောင်းချခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည် ဥပဒေနှင့် တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူရန်၊  (ဇ) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ (စျ)ဈေးကွက်အတွင်း ဆေးနှင့် ဆေးပစ္စည်းများအထောက် အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး သတ်မှတ်အရည်အသွေးနှင့် ကုန်ဈေးနှုန်းမှန်ကန်မှု ရှိစေရေးတို့အတွက် မူဝါဒဆိုင်ရာအခက်အခဲများ ရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြ၍လမ်းညွှန်မှုခံယူ ဆောင်ရွက်ရန်၊ (ည) တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မူဝါဒလမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန်၊ (ဋ)ဆေးနှင့်ဆေးပစ္စည်းများ ပြည်ပမှ တင်သွင်းသည့်လုပ်ငန်းရှင်များနှင့် စက်ရုံများ၏ အခက်အခဲများရှိပါက တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြပြီး ကူညီပံ့ပိုးရန် စသည်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါဆေးဆိုင်များအား လိုက်လံစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ  ဗိုလ်မှူးအာကာဖြိုး၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုစခန်းမှူး ရဲအုပ်ထွန်းဦးနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန စသည်တို့မှ တာဝန်ရှိသူများက လိုက်လံစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)