ပုသိမ် ဩဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ ဩဂုတ်လ၊ (၁၆) ရက် နေ့ ညနေ ၅နာရီခွဲအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များအား ဧရာဝတီ တိုင်းဒေသကြီးအတွင်း လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ပန်းခင်းစီမံချက်လုပ်ငန်းများ နှင့် ပတ်သက်၍ ဆောင်ရွက်ချက်အခြေအနေများကို ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် တာဝန်ရှိ ဌာနဆိုင်ရာများ တက်ရောက် ကြသည်။ အခမ်းအနားတွင် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးမောင်မောင်သန်းက ပန်းခင်းစီမံချက်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေအား ရှင်းလင်းတင်ပြရာတွင် နိုင်ငံတော် အစိုးရအဖွဲ့၏လမ်းညွှန်ချက်၊ ဧရာဝတီတိုင်းအတွင်း အိမ်ထောင်စု စာရင်းဇယားနှင့် နိုင်ငံသားကတ် မရှိသူများအား ဆောင်ရွက်ပေးရမည့် လုပ်ငန်းပမာဏ၊ ကာလအပိုင်းအခြားအလိုက် ဆောင်ရွက်ပေးမည့် အခြေအနေများ၊ လုပ်ငန်း ပမာဏအလိုက် ဆောင်ရွက်ရမည့် အရေအတွက်နှင့် ပန်းခင်းစီမံချက်လုပ်ငန်း ဆောင်ရွက်မှုနှင့်ပတ်သက်၍ အား သာချက်၊ အားနည်းချက် အစရှိသည်တို့ကို Power Point ဖြင့်ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားကာ သက်ဆိုင် ရာ ဌာနများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
မြင့်ဟန်