စေတုတ္တရာ ဩဂုတ် ၁၃
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဖအိုင်းအနောက်ကျေးရွာတွင် ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း (VDP) ရန်ပုံငွေ ကျပ်သိန်း (၁၀၀) ဖြင့် ဆောင်ရွက်နေသာ ဘက်စုံသုံးခန်းမဆောင် တည်ဆောက်မှုမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘက်စုံသုံးခန်းမဆောင်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ရန်ပုံငွေ ကျပ်သိန်း (၁၀၀)၊ ပြည်သူလူထုထည့်ဝင်ငွေကျပ် (၃၁) သိန်း စုစုပေါင်းကျပ် (၁၃၁) သိန်းဖြင့် အလျား (၅၀) ပေ၊ အနံ (၃၀) ပေ၊ အမြင့် (၁၁) ပေရှိသော အုတ်ညှပ် အဆောက်အဦကို ကျေးရွာဖွံ့ဖြိုးရေးကော်မတီက ၂၀၂၀ပြည့်နှစ် မတ်လ ၃ရက်နေ့မှစတင်၍ လုပ်ငန်း စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းအနေဖြင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ရန်ပုံငွေများဖြင့် ကျောက်ပုံကျေးရွာတွင် ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်း၊ ဖျင်ကြီးကျေးရွာတွင် KG ကျောင်းဆောင် တည်ဆောက်ခြင်းလုပ်ငန်း၊ တန့်လည်ကျင်းကျေးရွာတွင် ကျေးရွာစာကြည့်တိုက် ဆောက်လုပ်ခြင်း လုပ်ငန်းနှင့် ဖအိုင်းအနောက်ကျေးရွာတွင် ဘက်စုံသုံးခန်းမဆောင် တည်ဆောက် ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးသိန်းဇော်ထွန်းထံမှ သိရသည်။
စည်သူလွင်(ပြန်/ဆက်)