မြင်းမူ ဩဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လုံးဝ မထိုးနှံရသေးသူများအား သတ်မှတ်နေရာအသီးသီးတွင် ဩဂုတ်လ(၁၉)ရက်နေ့ နံနက် (၈)နာရီမှ စတင်ကာ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် စုရပ်များအနေဖြင့် မြင်းမူမြို့အနောက်ပိုင်း ရပ်ကွက်ရှိ အထက(၁)၊ အထက (၂) ၊ မိုးလုံလေလုံအားကစားခန်းမ၊ တောင်ပိုင်းရပ်ကွက်ရှိ စွန်းလွန်း ကျောင်းတိုက်ဓမ္မာရုံ၊ မြောက်ပိုင်းရပ်ကွက်ရှိ အမက( ၂ ) ကျောင်းများအား သတ်မှတ်ထားရှိပြီး ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်းကာ လူဦးရေ (၁၀၀၀)ကို စတုထ္တအကြိမ်အဖြစ် ကာကွယ်ဆေးများ ဆက်ထိုးနှံပေးသွားမည်ဖြစ်သည်။
မြို့နယ်အနေဖြင့် ပထမအကြိမ်ကာကွယ်ဆေးကို လူဦးရေ(၄၀၀၀)ကိုလည်းကောင်း ဒုတိယအကြိမ်အနေဖြင့် လူဦးရေ (၁၅၀၀) ကိုလည်းကောင်း၊ တတိယအကြိမ်အဖြစ် လူဦးရေ (၁၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်းသာသနာ့နွယ်ဝင်များ၊ အသက်(၆၅)နှစ်နှင့်အထက် အဘိုး၊ အဘွားများ၊ ဝန်ထမ်းမိသားစုဝင်များ၊ ပုဂ္ဂိုလကဝန်ထမ်းများ စုစုပေါင်း လူဦးရေ(၆၅၀၀)ကို အောင်မြင်စွာ ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း၊ ယခုတစ်ဖန်ဆေးရရှိမှုအပေါ် မူတည်၍ လူဦးရေ (၁၀၀၀) ကို သတ်မှတ်နေရာအသီးသီးတွင် ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာပါက ကျန်ရှိသော မိဘ ပြည်သူ များအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဦးစားပေး အစီအစဉ်များ အတိုင်း ဆေးထိုးခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း” မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုမှ ပြောကြာခဲ့ပါသည်။
အောင်စိုးဖေ (မြင်းမူ)