မော်လိုက်မြို့၌ သံဃာတော်များ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေး

မော်လိုက်   သြဂုတ်  ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့မှ စတင်၍ သြဂုတ်လ ၂၀ ရက်နေ့အထိ စုရပ်(၅)ခုသတ်မှတ်ကာ ထိုးနှံပေးသွားမည်ဖြစ်ရာ ယမန်နေ့ နံနက်ပိုင်းတွင် စုရပ်(၃)ခုတို့၌ Sinopharm ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင်အညီ ထိုးနှံပေးခဲ့ကြသည်။

ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆေးထိုးနှံလာသူများအား စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာစစ်ဆေးခြင်းများကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး စိတ်ချရသူများအား ကျန်းမာရေးဆရာ၊ ဆရာမများနှင့် နယ်မြေခံ တပ်ရင်းများမှ သူနာပြုများက ကာကွယ်ဆေးများအား စနစ်တကျထိုးနှံပေးခဲ့ကြသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ ခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

မော်လိုက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများအား  ဦးတည် အုပ်စုအလိုက် စာရင်းပြုစုထားသည့် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွား များနှင့် ပြည်သူစုစုပေါင်း(၃၀၀၀)ဦးတို့ကို ထိုးနှံပေးနိုင်ရေးအတွက် ကာကွယ်ဆေးအလုံးရေ (၁၅၀၀) ရရှိထားပြီးဖြစ်ရာ ယနေ့၌ စုရပ်(၃)ခုတို့တွင် သံဃာတော်( ၂၁ )ပါး၊ နိုင်ငံ့ဝန်ထမ်း(၂)ဦးနှင့် ပြည်သူ( ၃၁၇ )ဦး စုစုပေါင်း(၃၄၀) ဦးတို့အား ကာကွယ်ဆေးများ စတင်ထိုးနှံပေးခဲ့ပြီး  ကျန်ရှိသည့် သံဃာတော်များနှင့် ပြည်သူများကိုလည်း သတ်မှတ်နေရာစုရပ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မော်လိုက်သားလေး