ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့်စက်ရုံ၊ အလုပ်ရုံများမှ ပြည်သူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ပေါက်ခေါင်း သြဂုတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးရန် ကျန်ရှိသည့် စက်ရုံအလုပ်ရုံများမှ ပြည်သူများအား ယနေ့နံနက် (၉)နာရီအချိန်မှစတင်၍ အမှတ်(၃)ရပ်ကွက်ရှိ လေးမျက်နှာဇာတ်ရုံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးလာရောက်ထိုးနှံသူပေါင်း(၂၅၀)ဦးရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ကာကွယ်ဆေး မထိုးနှံရသေးသော ပရဟိတအသင်း အဖွဲ့များ၊ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများ၊ ဈေးရောင်းချသူများ၊ ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ငန်းများမှ ပြည်သူများကို ထိုးနှံပေးခြင်းဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော SINOVAC အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနှံပေးလျက်ရှိကြောင်း၊ပေါက်ခေါင်း မြို့နယ်တွင် ဇူလိုင်လ ၃၀ ရက်နေ့မှ ယနေ့ထိ (၄၇၁၈)ဦးကို ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် အဆိုပါဆေးထိုးခြင်းလုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဥမ္မာကျော်