စစ်တွေ ဩဂုတ် ၁၇
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရန်အတွက် စစ်တွေမြို့နယ် ကုန်တင်၊ ကုန်ချ ကော်မတီးရုံးမှ မြို့နယ်အတွင်း ကုန်တင်၊ ကုန်ချဆောင်ရွက်နေကြသည့် အမြဲတမ်း အလုပ်သမားများအား ပေါ်ဆန်းမွှေးဆန်၊ ကြက်ဥနှင့် Mask များထောက်ပံ့ခြင်းကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် ကုန်တင်၊ ကုန်ချ ကော်မတီရုံး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
ရှေးဦးစွာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ချင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးတင်လှက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွား နေသည့်အခါ အလုပ်သမားများအနေဖြင့် အခက်အခဲရှိသည်ကို ဖြေရှင်းနိုင်ရန်အတွက် ယခုကဲ့သို့ ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအပြင် တခြားသော သဘာဝဘေးအန္တယ် များကို ကြိုတင်ကာကွယ်နိုင်ရန်စီစဉ် ဆောင်ရွက်လျှက် ရှိပါကြောင်း၊ ထို့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်လည်း ကူညီဆောင်ရွက်လျက်ရှိကြောင်းနှင့် အလုပ်သမားများအနေ ဖြင့်လည်း ကိုဗစ်ရောဂါကာလအတွင်း အလုပ်နားချိန်တွင် စိတ်လေလွှင့်မှုမရှိစေရန် ဗုဒ္ဓဘာသာဝင်များ ပီပီ တရားဘာဝနာ များ ပွားများကာ ကပ်ရောဂါဘေးကို ကျော်လွှာနိုင်ကြပါစေကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ကုန်တင်၊ ကုန်ချကော်မတီရုံး၊ ပြည်နယ်ဦးစီးမှူး ဦးဦးကျော်ဇောက ထောက်ပံ့ပစ္စည်းများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ချင်းတိုင်းရင်း သားလူမျိုးရေးရာဝန်ကြီးနှင့် ပြည်နယ် ဦးစီးမှူးတို့က ဆန်၊ ကြက်ဥနှင့် Mask များကို အလုပ်သမား ခေါင်းဆောင်များနှင့် ကုန်တင်၊ ကုန်ချကော်မတီရုံးမှ ဝန်ထမ်း များအား ပေးအပ်ကြသည်။
ထိုသို့ ထောက်ပံ့ပေးရာတွင် စစ်တွေမြို့နယ်၊ ကုန်တင်ကုန်ချ ကော်မတီရုံးမှ အမြဲတမ်းကုန်တင်၊ ကုန်ချအလုပ် သမားနှင့် ဝန်ထမ်းများစုစုပေါင်း ၁၃၁ ဦးအား တစ်ဦးလျင် ပေါ်ဆန်းမွှေးဆန်နှစ်တောင်း (၁၂ပြည်)ဆံ့ တစ်အိတ်၊ ပါးစပ်နှင့် နှာခေါင်းစည်း mask ၁ ဘူးစီနှင့် ကြက်ဥ ၂၇၂ လုံးအား ထောက်ပံ့ ပေးခဲ့ကြောင်းသိရသည်။
တင်ထွန်း