ပဲခူး ဩဂုတ် ၁၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဩဂုတ် ၁၇ ရက် နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၁၇/၂၀၂၁)ကို Online Zoom Meeting System ဖြင့် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းပြီး မိမိတို့တိုင်း ဒေသကြီး အတွင်း ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါလူနာများအပြင် အခြားနာတာရှည် ရောဂါလူနာများကိုလည်း စဉ်ဆက်မပြတ် ကုသပေး နေရသည့်အတွက် မြို့နယ်ဆေးရုံများတွင် လူနာများအခက်အခဲမရှိစေရေး ဌာနဆိုင်ရာများနှင့် ဖွဲ့စည်း ပေးထားသည့် ကုသရေး ဝန်ဆောင်မှုအဖွဲ့များမှ လိုအပ်သည်များ ပူးပေါင်းဆောင်ရွက် စေလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုး မျိုးကွဲများ အာစီယံနိုင်ငံများတွင် တွေ့ရှိနေရပြီးဖြစ်၍ နေရပ်ပြန် မြန်မာနိုင်ငံသားများ စိစစ်လက်ခံရေးအပိုင်း၊ သယ်ယူပို့ဆောင်ရေးအပိုင်းတို့အား သတ်မှတ်ချက်များအတိုင်း အထူးအလေးထား ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ ပဲခူးမြို့ အထွေထွေရောဂါ ကုဆေးရုံကြီးနှင့် ပဲခူးတက္ကသိုလ် ဆေးရုံများတွင် ကိုဗစ်-၁၉ ရောဂါ ပြင်ထန်သူနာ(၁၀၀)ဦး အောက်စီဂျင်ပေးကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားပြီးဖြစ်သလို မြို့နယ်ဆေးရုံများနှင့် အခြားသင့်တော်ရာ ကုသရေးစင်တာများတွင် အောက်စီဂျင် ပိုက်လိုင်းများသွယ်တန်းထားရှိရန် ဇွန်လကတည်းက ကြိုတင်မှာကြားထားပြီးဖြစ်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ မြို့နယ်အလိုက် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးရန် လိုအပ် ကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် ရေရှည်ရင်ဆိုင်ရမည့် ရောဂါဖြစ်၍ ကြိုတင်ပြင်ဆင်မှုအပိုင်းများကို စနစ်တကျ ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဈေးကွက်အတွင်း ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများ အများပြည်သူ လွယ်ကူသက်သာစွာ ဝယ်ယူအသုံးပြုနိုင်ရေး မြို့နယ်အလိုက် စီစဉ်ဆောင်ရွက်သွားရန် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခိုင်ချိုက အောက်စီဂျင် အိုးများ သယ်ယူပို့ဆောင်ရာတွင် ပိုးသတ်၍ဆောင်ရွက်သွားရန်၊ စေတနာ့ ဝန်ထမ်းများ၊ ပရဟိတအသင်း အဖွဲ့များ၏ လူဦးရေစာရင်း ဖောင်းဖွမှုမရှိစေရေး စနစ်တကျဆောင်ရွက်သွားရန်၊ ကျန်းမာရေးအထောက် အကူပြုပစ္စည်းများ အလွဲသုံးစားမှုမရှိစေရေး ကြီးကြပ် ဆောင်ရွက်သွားရန်နှင့် စိုက်ပျိုးရေးသွင်းအားစုများ တောင်သူများ သင့်တင့်သည့် ဈေးနှုန်းအတိုင်း ဝယ်ယူအသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်ကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရောက်ရှိမှုနှင့် မြို့နယ်အလိုက် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုအခြေအနေကိုလည်းကောင်း၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး သတ်မှတ်အုပ်စု အလိုက် ထိုးနှံပြီးစီးမှုအခြေအနေများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း အသီးသီးတင်ပြခဲ့ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆေးအမျိုးအစားအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု စာရင်းများ စနစ်တကျပြုစုရန်၊ စိုက်ပျိုးရေးအတွက် ဓါတ်မြေဩဇာ ဝယ်ယူမှုများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့် ဝယ်ယူရန်၊ Stay at Home စည်းကမ်းချက်များအား ကျေးရွာများအထိ လိုက်နာစေရေးနှင့် လိုအပ်ပါက သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေဖြင့် အရေးယူခြင်းများ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အသီးသီး အကြံပြု ဆွေးနွေးတင်ပြခဲ့ကြသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများသည့် ရပ်ကွက်/ကျေးရွာများအား အထူးသတိထား စောင့်ကြည့်သွားရန်၊ နေရပ်ပြန်များတွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲများပါလာနိုင်သဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ စည်းကမ်းချက်များအတိုင်း သတိထား လိုက်နာဆောင်ရွက်ရန်၊ ဆေးရုံများ၌ အောက်စီဂျင် ပြတ်လတ်မှုမရှိစေရေး ဆေးရုံအလိုက် ဝင်ဆံ့သည့်ကုတင်၊ လူနာအရေအတွက် စာရင်းများ အမြန်ဆုံးပြုစုတင်ပြရန်၊ သတ်မှတ်အုပ်စုအလိုက် ကာကွယ် ဆေးထိုးနှံပြီးစီးမှု စာရင်းအား Online Data Base System သို့ အမြန်ဆုံးပြီးစီးအောင် ထည့်သွင်း ရန်၊ စာသင်ကျောင်းများ၊ ဆေးရုံများ ဥပဓိရုပ်ကောင်းမွန်စေရေး ပူးပေါင်းဆောင်ရွက်ကြရန် မိုးရာသီ နှောင်းပိုင်းတွင် မိုးရွာသွန်းမှု များပြားနိုင်သဖြင့် ဧရာဝတီမြစ်တစ်လျှောက် ရေထိန်းတာများအား ကြံ့ခိုင်မှု စစ်ဆေးဆောင်ရွက်သွားရန်နှင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့နှင့် ထိစပ်လျက်ရှိသော တရားမဝင် နယ်စပ်ဝင်ပေါက်များအား လုံခြုံရေးသတိဖြင့် ဆောင်ရွက်သွားရန် နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး ၊ ပြန်/ဆက်