ရန်ကုန် ဩဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့်ရောဂါကြောင့် သေဆုံးမှုကို လျှော့ချရန်၊ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်၊ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက်မှုကို လျှော့ချနိုင်ရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများကို ရန်ကင်းမြို့နယ်၊အမှတ်(၁၄)ရပ်ကွက် မိုးကောင်းဘုရားစေတီဝင်းအတွင်းရှိ အရိယာဓမ္မာရုံ၌ Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လာရောက်ထိုးနှံသည့် အဘိုး အဘွားများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေး၊ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီ အသင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းဝင်များက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ တန်းစီ စောစောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ရန်ကင်းမြို့နယ်အနေဖြင့် အဆိုပါ Sinopharm အမျိုးအစား Covid-19 Vaccine ကာကွယ် ဆေးထိုးနှံပေးမှုများအား သြဂုတ်လ(၃)ရက်နေ့တွင် စတင်ထိုးနှံပေးခဲ့ပြီး ယမန်နေ့အထိ ဆေးထိုးနှံပြီးစီးမှုမှာ သက်ကြီးဘိုးဘွား (၁၃၀)ဦး၊ Volunteer (၂၀)ဦး၊ နိုင်ငံဝန်ထမ်း (၃၈)ဦး၊ နိုင်ငံဝန်ထမ်းမိသားစု (၂၀၉)ဦး၊ အကျဉ်းသား (၃)ဦး၊ စုစုပေါင်း(၄၀၀)ဦး ထိုးနှံပေးခဲ့ပြီး ရန်ကင်း မြို့နယ်အနေဖြင့် ပထမအသုတ် ဆေးရရှိမှု အလုံးရေ(၈၀၀) ဖြစ်ပြီး ဆေးထိုးနှံမှုအတွက် ဆေးလုံး (၂၀၀)အသုံးပြုခဲ့ပြီး ကျန်ရှိဆေးအလုံး(၆၀၀)အား ဆေးထိုးရန် ကျန်ရှိသည့်မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများနှင့် ကျန်ဦးတည်အုပ်စုများကိုလည်း ကာကွယ်ဆေး ရရှိသည့်အပေါ်မူတည်၍ ဦးစားပေးအဆင့်အလိုက် ဆက်လက်ထိုးနှံ ပေးလျှက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီမှ သိရသည်။
လှလှထွေး(ပြန်/ဆက်)