ဘားအံ ဩဂုတ် ၁၇
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ဘားအံမြို့၊ ရသေ့ပျံကျေးရွာအုပ်စု မိုးစပါး စုပေါင်း မြေဩဇာကြဲပက်ပွဲနှင့် သံလွင်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားသို့ တက်ရောက် အားပေးချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ရသေ့ပျံကျေးရွာအုပ်စုရှိ ဆင်းသုခမျိုးစေ့ထုတ် (၁၀)ဧက စိုက်ခင်း၌ ကျင်းပသည့် မိုးစပါးစုပေါင်းမြေဩဇာကြဲပက်ပွဲသို့ တက်ရောက်ခဲ့ပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးသန်းထိုက်နှင့် တာဝန်ရှိ သူများက ပြည်နယ်အတွင်း မိုးစပါးလျာထားဧက ပြည့်မီကျော်လွန်ရေးနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်လင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်တို့က တက်ရောက်လာကြသည့် တောင်သူဦးကြီးများအား မြေဩဇာများ ဖြန့်ဝေပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆင်းသုခမိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းအတွင်း ရသေ့ပျံ ကျေးရွာမှ တောင်သူများ၏ ယူရီးယားမြေဩဇာနှင့်သဘာဝမြေဩဇာများ ရောနှောကြဲပက ်ခြင်းအား ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေး ဌာနခွဲ၊ သီးနှံကာကွယ်ရေးဌာနခွဲနှင့် မျိုးစေ့ဌာနခွဲတို့၏ တောင်သူအသိ ပညာပေး ခင်းကျင်းပြသထားမှုများ အား ကြည့်ရှုအားပေးခဲ့ကြသည်။
ယူရီးယားမြေဩဇာနှင့်သဘာဝမြေဩဇာကို ရောနှောကြဲပက်ခြင်းအားဖြင့် လေလွင့်ဆုံးရှုံးမှု နည်းပြီး ထည့်သွင်း လိုက်သည့်မြေဩဇာကို အပင်မှအပြည့်အဝရရှိစေရန်နှင့် အချိန်တိုတိုအတွင်း လုပ်ငန်းပြီးစီး၍ တောင်သူအချင်းချင်း နှီးနှောဖလှယ်ပြီး စိုက်ပျိုးရေးကဏ္ဍ ပိုမိုဖွံဖြိုးတိုးတက် လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ မြေဩဇာစုပေါင်းကြဲပတ်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကရင်ပြည်နယ်၌ ယခုနှစ်တွင် မိုးစပါးဧက လေးသိန်းကျော် စိုက်ပျိုးရန်လျာထားပြီး ဇူလိုင်လကုန် နှင့်ဩဂုတ်လ အစောပိုင်းက မိုးသည်းထန်စွာရွာသွန်း၍ မြစ်ရေချောင်းရေများ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ပြီး ရေကြီးရေလျှံမှုများဖြစ် ပေါ်ခဲ့သည့်အတွက် စိုက်ပျိုးပြီးမိုးစပါး ၄၆၅၆ ဧက ထိခိုက်ခဲ့ပြီး ၃၁၃၈ ဧက ပျက်စီးခဲ့ရာ မိုးစပါးလျာထားဧက ပြည့်မီ ကျော်လွန်ရေးအတွက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ရေကြီးနစ်မြှုပ်မှုကြောင့် ကျရောက်နိုင်သည့်ရောဂါပိုးမွှား များကာကွယ်နှိမ်နှင်းရေးလုပ်ငန်း၊ အပင်ပြန်လည် သန်စွမ်းနိုင်ရေး သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာကို အချိုးကျရောနှော ထည့်သွင်းခြင်းလုပ်ငန်း၊ ကုန်းကျသည့် လယ်မြေများတွင် ပျိုးထောင်ထားရှိပြီး ကောက်ကွက် ဖာထေးခြင်းလုပ်ငန်း၊ ပျက်စီးလယ်မြေများအတွက် ပျိုးပင်များပြန်လည် အစားထိုးစိုက်ပျိုးခြင်း လုပ်ငန်း၊ မျိုးစပါးဖြန့်ဖြူးပေးခြင်းနှင့် အောင်ရေရရှိရန် ခက်ခဲသည့် လယ်မြေများတွင် သက်တမ်းတိုရက်(၉၀)စပါးမျိုးများအား ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ဘားကပ်ကျေးရွာ၊ ဘားကပ ်လျှပ်စစ်မြစ်ရေတင် လုပ်ငန်း၌ သံလွင်မြစ်အတွင်းငါးမျိုးစိုက်ထည့်သည့်အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး နှစ်လက်မအောက်ခံအရွယ် ငါးမြစ်ချင်းကောင်ရေ ၈၀၀၀၀ (ရှစ်သောင်း)၊ ငါးခုံးမကြီးကောင်ရေ ၅၀၀၀၀(ငါးသောင်း) စုစုပေါင်းငါးသားပေါက် ကောင်ရေ ၁၃၀၀၀၀ (တစ်သိန်းသုံးသောင်း)ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။
ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတပေါကြွယ်ဝ၍ ဒေသတွင်း ငါးစားသုံးမှု ဖူလုံပိုလျှံစေရေး အတွက် မြစ်၊ ချောင်း၊ အင်း၊ အိုင်နှင့် သဘာဝရေပြင်များအတွင်း ငါးမျိုးများစိုက်ထည့်ပေးလျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ယခုနှစ်မိုးရာသီတွင် ရှင်သန်ပေါက်ပွားရန် အကောင်းဆုံးအရွယ်ဖြစ်သည့် ၂ လက်မအောက်ခံအရွယ် ငါးသားပေါက် ကောင်ရေ တစ်ဆယ့်နှစ်သိန်းကျော်ကို ငါးမျိုးစိုက်ထည့်ပေးသွားမည်ဖြစ်ရာ ယခုအခါ ငါးသားပေါက် ကောင်ရေ (၁၀)သိန်း ကျော်ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)