မြိတ် ဩဂုတ် ၁၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူများသုံးစွဲလျက်ရှိသည့် ဆေးဝါးများ ပြတ်လပ်မှု မရှိစေရေး၊ သိုလှောင်၍ ဈေးကစားခြင်းမရှိစေရေးနှင့် ဈေးနှုန်းများမှန်ကန်စွာ ရောင်းချရေး အတွက် ယမန်နေ့ နေ့လယ်ပိုင်းက ဆေးနှင့်ဆေးပစ္စည်းများ လက်လီလက်ကား ဖြန့်ဖြူးရောင်း ချလျက်ရှိသည့် ဆေးအရောင်းဆိုင်များ၊ ဆေးကုမ္ပဏီများအား မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဇော် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်း စိစစ်ခဲ့ကြသည်။
“ ကိုဗစ်ကာလမှာ ပြည်သူတွေက ဈေးကွက်ထဲမှာ ဆေးတွေပြတ်လပ်တော့မယ်ဆိုပြီး သံသယဖြစ်လို့ ဆေးတွေဝယ်စုတာရှိပါတယ်။ ဒါကြောင့် ဈေးကွက်ထဲ မပြတ်လပ်စေဖို့အတွက် ရောင်းချမှုအခြေအနေ၊ တချို့ဆေးဆိုင်တွေက မလိုအပ်ဘဲဆေးတွေကို ပြည်သူတွေလိုအပ်လို့ လာဝယ်တာ မရောင်းပေးဘဲ သိုလှောင်ပြီး ဈေးကစားတာ ဈေးတင်ပြီးရောင်းချတာတွေ မဖြစ်စေရေးအတွက် ထိန်းတဲ့အနေနဲ့ ဆေးနှင့်ဆေးပစ္စည်း ရောက်ရှိမှုနှင့် ဈေးကွက်အခြေအနေ တွေကို စိစစ်တာဖြစ်ပါတယ်” ဟု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးကျော်စွာမင်း က ပြောသည်။
ဆေးအရောင်းဆိုင်များ၌ လတ်တလောတွင် ဆေးဈေးနှုန်းအနေဖြင့် တစ်နိုင်ငံ လုံးအတိုင်းအ တာနည်းတူ အနည်းငယ်ဈေးတက်၍ ဆေးအရောင်းဆိုင်များမှ ရောင်းချလျက်ရှိသည့်ဈေးနှုန်း များနှင့် ကွာခြားမှုမရှိကြောင်း၊ ဆေးဆိုင်များမှ လတ်တလော ဆေးများကိုထိန်းပြီး ရောင်းချ ပေးလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ဆေးဈေးနှုန်းများကိုလည်း ထိန်းပြီးရောင်းချကြရန်နှင့် ပြည်သူလူထုတစ်ဦးချင်းအား အိမ်သုံးအတွက် လိုအပ်သလောက်သာ ရောင်းချပေးရန်၊ ဆေးဆိုင် များတွင် ပြည်သူလူထုအား ကိုဗစ်-၁၉ ညွှန်ကြားချက်နဲ့အညီရောင်းချကြရန်နှင့် စည်းကမ်း လိုက်နာမှုမရှိသူများအား ရောင်းချခြင်းမပြုရန် စိစစ်ရေးအဖွဲ့မှ မှာကြားခဲ့သည်။
“လောလောဆယ်အနေဖြင့် ဆေးတွေလိုအပ်ချက်သိပ်မရှိပါဘူး။ ကုန်သွားတဲ့ဆေးတွေကို ပြန်လည်မှာ ယူရောင်းချနေပါတယ်။ လမ်းခရီးအနည်းငယ်ကြန့်ကြာတာပဲရှိပါတယ်။ ဆေးတွေ မှာယူတဲ့အခါ အခက်အခဲမရှိပါဘူး။ ဆေးကုမ္ပဏီတွေက ရှားတဲ့ဆေးတွေကို ခွဲတမ်းအနေနဲ့တော့ ပို့ပေးပါတယ်။ လက်ရှိအနေအထားက ကိုဗစ် မဖြစ်ခင်ကာလထက် ဈေးအနည်းငယ်တက် သွားပါတယ်” ဟု ကိုအင်ငယ်ဆေးဆိုင်မှ ဦးပြုံးချို က ပြောသည်။
မြိတ်မြို့နယ်တွင် လက်လီလက်ကား ဆေးအရောင်းဆိုင်(၁၅၀)ကျော်ရှိပြီး ဆေးကုမ္ပဏီ (၃)ခုရှိကြောင်း၊ လက်လီလက်ကားရောင်းချနေသော ဆေးဆိုင်အကြီးများသည် ပုံမှန်ဖွင့် လှစ်ရောင်းချလျက်ရှိကြပြီး ဆေးဆိုင်ငယ် တစ်ချို့သည် ဆေးမှာယူ အခက်အခဲဖြစ်၍ ပိတ်ထား သည့်ဆေးဆိုင်များရှိကြောင်း၊ မြိတ်မြို့တွင် အခြေခံစားကုန် နှင့်ဆေးဝါးများ ဈေးနှုန်းတည်ငြိမ် ရေးထိန်းချုပ်ရေးကော်မတီမှ ဈေးနှုန်းများကို ပုံမှန် စစ်ဆေးခြင်း၊ ရှောင်တခင် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဈေးနှုန်းတိုးမြှင့်ရောင်းချသော ဆိုင်များအား ဥပဒေနှင့်အညီ ထိရောက် စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး