ရွာသစ် ဩဂုတ် ၁၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးလူဇော်သန့်မှ အဖွင့် အမှာစကားပြောကြားရာတွင် ရွာသစ်မြို့သည် ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင်အများ၏ ပူးပေါင်းပါဝင်မှုကြောင့် ကိုဗစ်ကင်းစင် နယ်မြေဖြစ်ပြီး ယခု တတိယလှိုင်းတွင်လည်း ပေါ့ဆ၍ မရပါသောကြောင့် မြို့နေပြည်သူလူထုအားလုံးနှင့် ရပ်ရွာများကလည်း ပူးပေါင်း ဆောင်ရွက်မှ ကိုဗစ်-၁၉ အန္တရာယ်ကို ကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်း၊ စားဝတ်နေရေးအတွက်လည်း အရေးကြီးပါသောကြောင့် ကုန်စည် စီးဆင်းမှု အဆင်ပြေချောမွေ့စေရေးအတွက် တစ်ပတ် (၃)ရက် လွိုင်ကော်မြို့မှ မြို့အဝင်ဂိတ်အထိ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ပစ္စည်းများအား သယ်ယူရောင်းချစေချင်ပါကြောင်း၊ ပြည်နယ်အတွင်းသွားလာရင် Home Quarantine နေရမည်ဖြစ်ကြောင်း၊ ပြည်နယ်ကျော်ရင် Facility Quarantine နေရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်လာရင် ပရဟိတအသင်းလည်း ပြန်လည်အသက်ဝင်လာအောင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရန်လိုကြောင်း၊ အားနည်းချက်၊ အားသာချက်များကို မည်ကဲ့သို့ပူးပေါင်းဆောင်ရွက်ရမည်ကို ဆွေးနွေး တင်ပြစေလိုကြောင်း စသည်အားဖြင့် ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသူများက အသီးသီးတင်ပြ ဆွေးနွေးကြပြီး ပူးပေါင်းပါဝင် ဖြည့်ဆည်းဆောင်ရွက်ပေးမှု အခြေအနေများကို ဝိုင်းဝန်း ညှိနှိုင်းဖြေရှင်းခဲ့ကြောင်း သိရသည်။