မြောင်းမြ သြဂုတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာများ နှင့် အခြားသော နာမကျန်းလူနာများအတွက် အောက်ဆီဂျင် လိုအပ်ချက် အခက်အခဲမဖြစ်ပေါ်စေရေး အတွက်ခရိုင်/မြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့မိမြို့ဖများပူးပေါင်း၍ မြကန်သာရပ်ကွက်ရှိ အဝေးပြေးကားဂိတ်နောက်တွင် အောက်ဆီဂျင် စက်ရုံ တည်ဆောက်နေမှုအား ယနေ့နံနက်(၉)နာရီ က ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါ အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေးအတွက် မြေနေရာ ကို မြောင်းမြမြို့နေ အလှူရှင်ဦးဖိုးထောင်(ခ)ဦးမြင့်လွင်၊ ဒေါ်ကြင်ရင်မိသားစုမှလှူဒါန်းခဲ့ပြီး၊ အောက်ဆီဂျင် စက်ရုံအား (၁၈−၇−၂၀၂၁) ရက်နေ့မှစ၍ HOPE Construction မှတာဝန်ယူတည်ဆောက်နေကြောင်း သိရသည်။
အဆောက်အအုံမှာအလျား(၆၀)၊အနံ(၅၂)၊အမြင့်(၂၀)၊သံကူကွန်ကရစ်(၁)ထပ်အဆောက်အအုံဖြစ်ပြီး၊အောက်ဆီဂျင် စက်အမျိုးအစားမှာ တရုတ်နိုင်ငံထုတ် (MINNUO) (China) နှင့် (Nate Cloud) (China) အမျိုးအစားတို့ဖြစ် ပါသည်။ (MINNUO) (China) စက်၏ တန်ဖိုးမှာသိန်း( ၉၀၄)နှင့် (Nate Cloud) (China) စက်၏ တန်ဖိုးမှာ သိန်း (၁၃၀၀)ခန့်ရှိကြောင်း၊ (၁)ရက်လျှင်(၄၀)လီတာဆံ့ အောက်ဆီဂျင်အိုး အလုံးပေါင်း(၁၉၀) ခန့်ထွက်ရှိ မည်ဖြစ်ကြောင်း၊ စက်ရုံတည်ဆောက်ခြင်းအတွက် ခန့်မှန်း ကုန်ကျငွေ သိန်း(၆၅၀)ခန့်ရှိကြောင်းနှင့် ဆောက်လုပ် ပြီးစီးမှု ရာခိုင်နှုန်းမှာ(၆၀)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံဖြစ် မြောက် ရေးအဖွဲ့ထံမှ သိရသည်။
ကေခိုင်၊သက်ဝေ