စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် လတ်တလော အသက်ရှု လမ်းကြောင်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ကာကွယ်ဆေး(Sinophram)ထိုးနှံပေးခြင်းကို ဩဂုတ် (၁၄)ရက်နေ့မှစတင်၍ ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိ သူများအား သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ တတိယနေ့အဖြစ် ယနေ့နက် ၉ နာရီ အချိန်က စတင်ကာ စက်ရုံအလုပ်ရုံဝန်ထမ်းများများ၊ နိုင်ငံ့ဝန်ထမ်းနှင့် ဝန်ထမ်း မိသားစုများအား ကာကွယ်ဆေးဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinophram) ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကာကွယ်ဆေးမထိုးမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကာကွယ်ဆေးထိုးမှတ်တမ်း ရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက် ကာကွယ်ဆေး များ ထိုးနှံပေးလျက် ရှိကြောင်း သိရှိရသည်။
အဆိုပါ ကာကွယ်ဆေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophram) ဆေးအမျိုးအစားဖြစ်ပြီး တတိယအသုတ်တွင် ဆားလင်းကြီးမြို့နယ်အတွက် ဆေး အလုံးရေ (၆၀၀)လုံး ရရှိသဖြင့် ဆေးတစ်လုံးလျှင် လူ(၂)ဦးနှုန်းထိုးနိုင်သောကြောင့် လူဦးရေ (၁၂၀၀)ဦးအား ထိုးနှံပေးနိုင်မည်ဖြစ်ရာ ပထမနေ့တွင် လာရောက်ထိုးနှံသူ (၆၂၂)ဦး၊ ဒုတိယနေ့တွင် လာရောက်ထိုးနှံသူ(၂၄၂)ဦး စုစုပေါင်း (၈၆၄)ဦး လာရောက်ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
ဥမ္မာ