ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေကျော်နေမှု ဆက်လက်ကျဆင်းလျက်ရှိ

                                                                              

ပွင့်ဖြူ  ဩဂုတ်  ၁၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိက မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံ သည် ဩဂုတ် ၁၆ ရက် ၊ ယနေ့ နံနက် ၆ နာရီအချိန် တိုင်းထွာအချက်အရ တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက်  ရေပိုလွှဲမှ ရေကျော်နေမှု ဆက်လက်ကျဆင်းလျက်ရှိကြောင်း  အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံက သိရသည်။

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှု များရှိခဲ့ပြီး ဩဂုတ်(၁၁)ရက်နေ့က တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက် ဒသမ ပေ ခန့် ရေကျော်ကျမှု ရှိခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် တမံအတွင်း မိုးရေဝင်ရောက်မှု လျော့နည်းသွားသဖြင့် တမံရေပြည့်မှတ်အထက် ရေပိုလွှဲမှ ၁ ဒသမ ၈ ပေခန့်သာ ရေကျော်ကျမှု ရှိတော့ကြောင်းနှင့် အဆိုပါ တမံရေပိုလွှဲမှ ရေကျော်ကျမှုအခြေအနေအား တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ကြိုတင်သိရှိနိုင်စေရန်အတွက် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးထားကြောင်း လည်း သိရသည်။  

ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံမှာ ပြီးခဲ့တဲ့ရက်တွေက အထက်ပိုင်းဒေသ မိုးရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုတွေ ရှိခဲ့ပြီး တမံရဲ့ ကန်ရေပြည့်အမှတ်ဖြစ်တဲ့ ၃၄၀ ပေ အထက် ရေပိုလွှဲကနေ ရေကျော် ကျမှုတွေ ရှိခဲ့ပါတယ်။ ဩဂုတ်(၁၁)ရက်နေ့က တမံရေပိုလွှဲကနေ ၂ ဒသမ ၇ ပေခန့်အထိ ရေကျော်ကျမှုရှိခဲ့ပါတယ်။ မနေ့ကစပြီး မိုးရေဝင်ရောက်မှု လျော့နည်းသွားခဲ့လို့ တမံရေပိုလွှဲကနေ ရေကျော်မှု တစ်ဖြည်းဖြည်းကျဆင်းသွားပါတယ်။ ဒီနေ့မနက် (၆)နာရီအချိန် တိုင်းထွာချက်အရ တမံရေပြည့်အမှတ်အထက် ရေပိုလွှဲမှ ၁ ဒသမ ၈ ပေခန့်သာ ရေကျော်ကျမှု ရှိတော့ပါတယ်။ ဒါကြောင့် တမံအောက်ဘက်ရှိပြည်သူတွေ အနေနဲ့ စိုးရိမ်ဖွယ်ရာအခြေအနေ မရှိပါဘူး။ ကျွန်တော်တို့ ဝန်ထမ်းတွေလည်း တမံရေဝင်မှုအခြေအနေကို အမြဲစောင့်ကြည့်နေတာဖြစ်ပြီး ထူးခြားမှုရှိလာပါက ‌ဒေသခံပြည်သူတွေကို အချိန်နဲ့တစ်ပြေးညီ အသိပေး နှိုးဆော် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်ဟု အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့် က ပြောကြားသည်။ 

ရဲဝင်းနိုင် ( ညောင်ဦး )