မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံသည် ယနေ့ နံနက် ၆နာရီ တိုင်းထွာချက်အရ တမံရေပြည့်အမှတ် (R.L 625 ft) အထက်ရေပိုလွှဲမှ ရေကျော်ကျနေမှု ၀.၅ပေ ပြန်လည် လျော့နည်းကျဆင်းလာကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုဦးထံမှ သိရသည်။
"ကျွန်တော်တို့ မန်းချောင်းရေလှောင်တမံမှာ ဇူလိုင်လ ၂၉ ရက်ကနေ ဩဂုတ်လ ၆ ရက်နေ့အထိ မိုးရေချိန် ၇.၀၆ လက်မရွာသွန်းခဲ့တဲ့အတွက် ဆည်အတွင်းကို တောင်ကျချောင်းရေနဲ့မိုးရေအဝင်များပြီး ရေပြည့်မှတ်ရောက်လာတာဖြစ်ပါတယ်။ ဩဂုတ်လ ၁၀ ရက်နေ့က စပြီး ရေပိုလွှဲမှ ၀.၅ ပေအမြင့်နဲ့ စတင်ရေကျော်လာခဲ့ရာ ၁၃ ရက်နေ့ထိ ၀.၈ပေ အထိရေကျော်ခဲ့ပြီး ယနေ့မှာ ၀.၅ပေ အမြင့်ခန့်သာ ရေကျော်ကျမှုရှိပါတယ်။ဒါကြောင့် မန်းတမံအောက်ဘက်ပြည်သူတွေအနေနဲ့ စိုးရိမ်ဖွယ်ရာအခြေအနေ မရှိပါဘူး။မန်းတမံဝန်ထမ်းများကလည်းတမံရေဝင်ရောက်မှုအခြေအနေကို အမြဲမပြတ်စောင့်ကြည့်လျက် ရှိပါတယ်" ဟု ဦးစီးမှူးဦးအောင်ကိုဦး ကပြောကြားသည်။
ငဖဲမြို့နယ်မန်းချောင်းရေလှောင်တမံသည် မန်းဆည်အထက်ပိုင်းတွင်မိုးရွာသွန်းမှုပိုမိုများပြားခဲ့သည့် အတွက် တမံအတွင်းရေဝင်ရောက်မှုများခဲ့ပြီး ဩဂုတ်လ ၁၆ ရက်နေ့တွင် တမံရေပြည့်အမှတ်ဖြစ်သည့် ပေ ၆၂၅ အထက် ၀.၅ ပေခန့်ရှိခဲ့ပြီး တမံအတွင်းမိုးရေဝင်ရောက်မှုလျော့နည်းခဲ့သဖြင့် တမံရေပြည့်မှတ်ထက် ၀.၅ ပေခန့်သာ ရေကျော်ကျမှုရှိကြောင်း၊ ရေပိုလွှဲမှ ရေကျော်ကျမှုအခြေအနေအား မန်းတမံအောက်ဘက်ရှိ ကျေးရွာများမှပြည်သူများအား ကြိုတင်သိရှိနိုင်ရန် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)