ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် ဝန်ထမ်းများနှင့် ပြည်သူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ပေါင်းတည် သြဂုတ် ၁၆  

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် ဝန်ထမ်းများနှင့် ပြည်သူများအား ယနေ့နံနက် (၁၀)နာရီအချိန်မှစတင်၍ အ.ထ.က မင်းကွက် ရပ်ကွက်၌   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။

ထိုသို့ကာကွယ် ဆေးထိုးနှံပေးရာတွင်  ကာကွယ်ဆေး မထိုးနှံရသေးသော အစိုးရဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ ဈေးရောင်းချသူများ၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းများမှ ပြည်သူများကို ထိုးနှံပေးခြင်း ဖြစ်ကြောင်း   ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော SINOVAC အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူနှစ်ဦး ထိုးနှံပေးလျက်ရှိကြောင်းနှင့် အဆိုပါဆေးထိုးခြင်းလုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ချစ်နှင်းသုန်