ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း အဘိဓဇမဟရဋ္ဌဂုရု၊ နိုင်ငံတော် သံဃမဟာနာယက (ငြိမ်း)ဖြစ်တော်မူသော စစ်တွေမြို့၊ မဏိရတနာဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန အခမ်းအနား တက်ရောက်ပူဇော်

စစ်တွေ  ဩဂုတ် ၁၅

အဘိဓဇမဟရဋ္ဌဂုရု၊ နိုင်ငံတော်သံဃမဟာနာယက(ငြိမ်း) ဖြစ်တော်မူသော စစ်တွေမြို့၊ မဏိရတနာ ဆရာတော်ကြီး၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိဈာပန အခမ်းအနားကို ယနေ့ မွန်းတည့် ၁၂ နာရီက စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်၊ မဏိရတနာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ တက်ရောက် ပူဇော်သည်။

ရှေးဦးစွာ အန္တိမအဂ္ဂိဈာပန အခမ်းအနားပထမပိုင်းကို ဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူရာ ကျောင်းဆောင်တွင် ကျင်းပရာ ကြွရောက်တော်မူကြကုန်သော သံဃာတော် အရှင်သူမြတ်များနှင့် ပြည်နယ် ဝန်ကြီးချုပ် အမှူးပြုသော ပရိတ်သတ်များက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။

ထို့နောက် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ စစ်တွေမြို့၊ ဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်း ဆရာတော်ထံမှ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပျံလွန်တော်မူလေပြီးသော ဆရာတော် ဘုရားကြီးအား နောက်ဆုံပူဇော်သည့် “ရင်မှာကြိတ်ခဲ လွမ်းငိုပွဲ” ပိုဒ်စုံရတုဖြင့် တေးသံရှင် ကိုထွန်းထွန်းက သီကျူးပူဇော်သည်။

ဆက်လက်၍ ဆရာတော်ကြီး၏ တပည့်များဖြစ်ကြသော အရှင်နန္ဒသာရနှင့် အရှင်ဉာဏတို့က အပြစ်များရှိက ခွင့်လွှတ်ပေးပါရန် တောင်းပန်လျှောက်ထားသည့် အဘိယာစန ဂါထာများကို ဖတ်ကြားလျှောက်ထားကြသည်။ ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၏ ဝမ်းနည်းကြောင်းသဝဏ်လွှာကို ပြည်နယ်သာသနာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဖတ်ကြားလျှောက်ထားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ အလှူရှင်များ၊ ဆရာတော်ဘုရားကြီး၏ မိသားစုဝင်များက ဆရာတော်သံဃာတော်များအား အလှူဝတ္ထုများ ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် အနိစ္စာဝတသင်္ခါရဂါထာတော်အား သုံးကြိမ်ရွတ်ဆိုကြပြီး စစ်တွေမြို့၊ ဆုတောင်းပြည့် ဆရာတော်ထံမှ ရေစက်ချအနုမောဒနာ တရားနာကြားကြကာ လူဒါန်းမှုအစုစုအတွက် အမျှပေးဝေကြသည်။

ဆက်လက်၍ ဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိဈာပန ကျင်းပမည့် နေရာသို့ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက ဦးဆောင်ကာ တပည့်တကာ၊ တကာမများက ဆက်လက်ပင့်ဆောင် ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)