သာပေါင်း သြဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မှ မြစ်ချောင်းအင်းအိုင်များတွင် ငါးသယံဇာတ မပြုန်းတီးရေးနှင့်တိုးပွားပေါများလာစေခြင်းဖြင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာ ပိုမိုဖူလုံလာစေပြီး စားသုံးမှု မြင့်မားလာနိုင်ရေးအတွက် ရည်ရွယ်၍ သဘာဝရေပြင် ငဝန်မြစ်အတွင်းသို့ငါးမျိုး စိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက် ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့သည်။
ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူးဦးသော်ထွန်းဦး၊ ပုသိမ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအေးနိုင်၊ ပုသိမ်ခရိုင်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေး ဥက္ကဋ္ဌ ဦးမောင်မောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမျိုးသိန်းနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ တတ်ရောက်ခဲ့ကြပြီး သဘာဝရေပြင် ငဝန်မြစ်အတွင်းသို့ နှစ်လက်မအရွယ် ငါးမြစ်ချင်း ငါးသားပေါက် ကောင်ရေ ၂၀၀၀၀၀ နှင့် ငါးခုံးမကြီး ကောင်ရေ ၁၅၀၀၀၀ စုစုပေါင်း ငါးသား ပေါက်ကောင်ရေ ၃၅၀၀၀၀ တို့အား ငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း