လေးမျက်နှာမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ များအား ချေးငွေများ ထုတ်ချေးပေး

လေးမျက်နှာ  ဩဂုတ်  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊  လေးမျက်နှာမြို့နယ်တွင် ကျေးလက်နေပြည်သူများ၏  မိသားစုဝင်ငွေ လျော့နည်း လာမှုနှင့် စားဝတ်နေရေး အခက်အခဲများ ကုစားပေးနိုင်ရန်အတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Covid-19 Economic Relife plan (CERP)အရ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့်  ကျေးရွာသုံးရွာအား ယမန်နေ့  နံနက်ပိုင်းက စီမံကိန်း ရန်ပုံငွေများကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးရာတွင်ညောင်ပင်ဝဲကျေးရွာအုပ်စု၊ ညောင်ပင်ဝဲကျေးရွာမှ  အိမ်ခြေ(၈၈)အိမ်၊ အိမ်ထောင်စု(၈၈)စုအား စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်၊ ကုန်ထုတ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နိုင်ရေးအတွက် ငွေကျပ်သိန်းပေါင်း (၂၉၄)သိန်းကိုလည်းကောင်း၊ လှော်ကထား ကျေးရွာအုပ်စု၊ စိန်တောင်ကျေးရွာမှ အိမ်ခြေ(၇၉)အိမ်၊ အိမ်ထောင်စု(၇၉)စုအတွက်  ငွေကျပ်သိန်းပေါင်း (၂၉၄)သိန်းကိုလည်းကောင်း၊ ဘိသလွန်ကျေးရွာအုပ်စု၊ ဗောဓိကျေးရွာမှ အိမ်ခြေ(၆၃) အိမ်ထောင်စု(၆၃)စုအတွက် ငွေကျပ်သိန်းပေါင်း (၂၉၄)သိန်းကို လည်းကောင်း၊ ပြည်သူ့လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ရာ မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့် ဝန်ထမ်းများမှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လေးမျက်နှာ မြို့နယ်အနေဖြင့် Covid-19 Economic Relife plan (CERP)အရ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ ကျေးလက်နေ ပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လုပ်ငန်းများ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက် နိုင်စေရန်အတွက် (VRFP) စီမံကိန်းဝင် ကျေးရွာ(၁၀)ရွာအား စီမံကိန်းရန်ပုံငွေ ကျပ်သိန်းပေါင်း (၂၇၉၉)သိန်းကျော်ကို ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကျေး/လက် ဦးစီးဌာနမှ သိရသည်။

ရွှေမိုး(လေးမျက်နှာ)