စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများ စီစဉ်ထားရှိမှု ကြည့်ရှုစစ်ဆေး

စစ်ကိုင်း ဩဂုတ် ၁၅

စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများသည် ယမန်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာနသို့ သွားရောက်၍ ခရိုင်အတွင်း သဘာ ဝဘေးအန္တရာယ်များ ကျရောက်လာပါက ကုန်းလမ်း၊ ရေလမ်းသုံး ကယ်ဆယ်ရေး ပစ္စည်းများ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ကြံခိုင်မှုရှိရေးတို့ကို ကြည့်ရှုစစ်ဆေးရာ ခရိုင်မီးသတ် ဦးစီးမှူး ဦးသက်အောင်က လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ကယ်ဆယ်ရေး ပစ္စည်းများ စီစဉ်ထားရှိမှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်၍ စစ်ကိုင်းမြို့ ဧရာဝတီမြစ်ကမ်းဘေးတွင် နေထိုင်ကြသည့် အိမ်ထောင်စုများ ဧရာဝတီမြစ်ရေ တက်ရောက်လာပါက ရေလွတ်ရာသို့ ပြောင်းရွေ့နေထိုင်နိုင်ရန် ရေဘေးရှောင် စခန်းများ ဖွင့်လှစ်ဆောင်ရွက် ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးက ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ထားရှိမှုနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း ဆွေးနွေး ပေးခဲ့သည်။

ထို့နောက် ဧရာဝတီမြစ်ကမ်းအနီးနေထိုင်ကြသည့် ဒေသခံပြည်သူများနှင့်  ငါးထပ်ကြီးဘုရား ရင်ပြင်တော် ပေါ်တွင်တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ ကျန်းမာရေးနှင့်အညီ ရေလွတ်ရာသို့ နေထိုင်နိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ စီမံဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင်