ကလေး ဩဂုတ် ၁၅
ကမ္ဘာ့ဗုဒ္ဓသသနပြု သီတဂူဆရာတော်ဘုရားကြီး အရှင်ဉာဏိဿရ၏ ဩဝါဒအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း မှီတင်းနေထိုင်ကြသော ပြည်သူအများ ကိုဗစ်-၁၉ ရောဂါကာလအတွင်း အောက်ဆီဂျင်လိုအပ်ချက်များအား တစ်ထောင့်တစ်နေရာမှ အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်မည့် အောက်ဆီဂျင်စက်ကြီးသည် စက်ရုံတည်ထားမည့် ကလေးမြို့ သီတဂူအာရောဂျဒါန ဆေးရုံတော်ကြီးအတွင်းသို့ ယမန်နေ့ နံနက်ပိုင်းက ရောက်ရှိကြောင်းသိရသည်။
ကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပြည်သူအများ အဓိကလိုအပ်လျှက် ရှိသော အောက်ဆီဂျင်ကို ဒေသအတွင်းဖြည့်တင်းပေးနိုင်ရေး ရည်ရွယ်ချက်ဖြင့် အောက်ဆီဂျင် ထုတ်စက် တည်ဆောက်နိုင်ရန်အတွက် သီတဂူဆရာတော်ဘုရားကြီးက ဦးဆောင်မတည်ပြီး ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် တရုတ်နိုင်ငံမှ မှာယူတင်သွင်းခဲ့သည့် အောက်ဆီဂျင် စက်ကြီးသည် မူဆယ်မြို့ ၁၀၅ မိုင်ဂိတ်သို့ ဩဂုတ်လ (၁၀) ရက်နေ့က ရောက်ရှိခဲ့ပြီး မော်တော်ယာဉ်ဖြင့် ဆက်လက်သယ်ဆောင်လာခဲ့ရာ ဩဂုတ်လ (၁၄) ရက်နေ့ နံနက်ပိုင်းတွင် ကလေးမြို့၊ သီတဂူအာရောဂျဒါန ဆေးရုံတော်ကြီးဝင်းအတွင်းသို့ ချောမောစွာရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ရောက်ရှိလာမှုနှင့် မော်တော်ယာဉ်ပေါ်မှ စက်ရုံအဆောက်အဦးအတွင်းသို့ စက်ပစ္စည်းများ သယ်ချနေမှုများအား ကလေးမြို့ သီတဂူအာရောဂျဒါနဆေးရုံတော်ကြီး၏ နာယက ဩဝါဒါစရိယဆရာတော် မြို့နယ်သံဃနာယက ဥက္ကဋ္ဌ မဟာသန္တာရုံဆရာတော် ဘဒ္ဒန္တပုညသေဌ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သန့်စင်ဦး၊ ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သီတဂူအာရောဂျဒါနဆေးရုံကြီး အကျိုးတော်ဆောင် အလုပ်အမှုဆောင်များက ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စက်ရုံအမြန်ဆုံး စတင်လည်ပတ်နိုင်ရေး အတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ယခုရောက်ရှိလာသည့် အောက်ဆီဂျင်စက်ကြီးသည် ကာလတန်ဖိုးအားဖြင့် ကျပ် သိန်းကိုးရာ့ ရှစ်ဆယ်ကျော် ကျသင့်ကာ သီတဂူဆရာတော်ဘုရားကြီးက ဦးဆောင်မတည်ငွေ ကျပ် သိန်းခြောက်ရာ နှင့် ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး တပ်ဆင်ပြီးစီး၍ လုပ်ငန်းများ စတင်လည်ပတ်နိုင်ပါက တစ်ရက်လျှင် အောက်ဆီဂျင် (၄၀) လီတာအိုး (၂၀၀) ခန့် နေ့စဉ် ထုတ်လုပ်ပေးနိုင်မည်ဖြစ်သဖြင့် ပြည်သူအများ အောက်ဆီဂျင်လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန် မကြာမီ ရက်ပိုင်းအတွင်း စက်စတင်လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းထိုက်အောင်(ပြန်/ဆက်)