သရက် ဩဂုတ် ၁၄
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက သရက်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့၊ ကမ်းနားလမ်းတစ်လျှောက်ရှိ ဇက်ဆိပ်နှင့် မော်တော်ဆိပ်တို့တွင် နေအိမ်ပြင်ပသို့ သွားလာရာတွင် သတ်မှတ်စည်းကမ်းချက်များလိုက်နာမှု ရှိ/ မရှိနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
သရက်မြို့တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာများက မော်တော်ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ မော်တော်ယာဉ်များနှင့် ခရီးသွား ပြည်သူများ နေအိမ်ပြင်ပသွားလာရာ သတ်မှတ်ထားသော စည်းကမ်းချက်များ လိုက်နာမှု ရှိ/ မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ဇော်ထက်(သရက်)