ပွင့်ဖြူမြို့နယ်တွင် ကျေးရွာနေပြည်သူများ Stay at Home စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာစေရေး အသံချဲ့စက်ယာဉ်ဖြင့် အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

ပွင့်ဖြူ  ဩဂုတ် ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ပြည်သူများ Stay at Home ကာလ သတ်မှတ်ထားသည့် စည်းကမ်းချက် များအတိုင်း သိရှိလိုက်နာနေထိုင်သွားလာနိုင်စေရန်အတွက် ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေးအသင်းတို့ ပူးပေါင်းအဖွဲ့က ကျေးရွာနေ ပြည်သူများ သိရှိလိုက်နာနိုင်ရေးအတွက် အသံချဲ့စက်ယာဉ်ဖြင့် အသိပေး နှိုးဆော်ခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ Stay at home အစီအစဉ်တွင် အကျုံးဝင်သောမြို့နယ်များအနေဖြင့် လိုက်နာရမည့် စည်းကမ်းချက် များအနေဖြင့် မိမိအိမ်တွင်း၌သာနေထိုင်ကြရန်၊ မဖြစ်မနေ ဈေးဝယ်ထွက်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာသွားရောက်ရန်၊ ဆေးရုံ ဆေးခန်းသွားရောက်ရန်လိုအပ်ပါက တစ်အိမ်လျှင် နှစ်ဦးသာသွားရောက်ရန်၊  နေအိမ်ပြင်ပသို့ထွက်ခွာပါက ပါးစပ် နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်သွားလာကြရန်၊  တာဝန် ထမ်းဆောင်ရန် ဖြတ်သန်းသွားလာခွင့်ပြုထားသော ယာဉ်များကိုသာရပ်ကွက် ကျော်လွန်သွားလာခွင့်ပြုရန်၊ မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေး အတွက် ကုန်တင်ယာဉ်များသွားလာမှုကို  စံသတ်မှတ်ချက်များအတိုင်း  သွားလာကြရန် ၊ ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းကတ်ပြား (သို့မဟုတ်) အထက် အကြီးအကဲ၏ ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံချက်ဖြင့်သာ သွားလာကြရန် ၊ ဈေးဝယ်ချိန်အား နံနက် ၆ နာရီမှ ၁၁ နာရီအထိနှင့် ညနေပိုင်းတွင် ၅ နာရီမှ ၆ နာရီအထိသာ ဈေးဝယ်ထွက်ကြရန် ၊ ကျန်းမာရေးကိစ္စမှအပ နေအိမ်မှ အပြင်သို့ သွားလာခြင်းမပြုပဲ မိမိနေအိမ်တွင်သာ နေထိုင်ကြရန် ၊  ထုတ်ပြန်ထားသည့် လမ်းညွှန် ချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ကြရန် စသည့်စည်းကမ်းချက်များ ပါဝင်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက်  ပြည်သူများ Stay at home ကာလ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ နေထိုင်သွားလာနိုင်ရေးအတွက် ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေးအသင်းတို့ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် ကန်ပြည့် ကျေးရွာ ၊ သာဂရကျေးရွာ ၊ မကျည်းရုံကျေးရွာ ၊ ရွှေဘိုရွာသစ် ကျေးရွာနှင့် ရွှေဘိုရွာမကျေးရွာသို့ သွားရောက်ပြီး အသံချဲ့စက်ယာဉ်ဖြင့်  လှည့်လည်အသိပညာပေး နှိုးဆော်ခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။  

ရဲဝင်းနိုင် ( ညောင်ဦး )