ပခုက္ကူမြို့နယ်၊ နှောကုန်းကျေးရွာအနီး ဧရာဝတီလင်းပိုင်အသေတစ်ကောင်တွေ့ရှိ

ပခုက္ကူ  ဩဂုတ် ၁၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မကျီးပင်ပုအုပ်စု၊ နှောကုန်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းနံဘေး ကျူတော၌ ဩဂုတ်လ ၁၄၇က် နံနက် ၈နာရီခွဲအချိန်က ဧရာဝတီလင်းပိုင်အသေ တစ်ကောင်တွေ့ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပခုက္ကူမြို့နယ်၊ နတ်ကျွန်းကျေးရွာအုပ်စုနေ ဦးဖိုးပြုံးသည်  ဧရာဝတီမြစ်အတွင်း ရေမျောထင်းများ ရှာဖွေရန် သွားရောက်စဉ်  နှောကုန်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်း ကျူတောထဲမှ ဧရာဝတီလင်းပိုင်အသေ တစ်ကောင်တွေ့ရှိ၍ နတ်ကျွန်းကျေးရွာသို့ သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါဧရာဝတီလင်းပိုင်အသေတစ်ကောင်တွေ့ရှိမှုအား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိန်လှိုင်မှတစ်ဆင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ထံအကြောင်းကြားရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်ခိုင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မြင့်စိုး၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးရဲလွင်သိန်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်တို့နှင့်အဖွဲ့ဝင် (၇)ဦးသွားရောက်ပြီး လင်းပိုင်အသေကောင် အား စစ်ဆေးကြည့်ရာ အရှည်ခြောက်ပေကိုးလက်မ၊ လုံးပတ်လေးပေ၊ နောက်ပိုင်းအမြီးအရှည် နှစ်ပေ တစ်လက်မရှိကြောင်း၊ သေဆုံးသည်မှာ သုံးရက်ခန့်ရှိပြီး ပုပ်ပွလျက်ရှိကာ လင်းပိုင်ဦးခေါင်းငယ်ထိပ်တွင် ဒဏ်ရာတစ်ချက်တွေ့ရှိရကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းစဉ်အတိုင်း နံနက်၁၁နာရီ အချိန်တွင် လင်းပိုင်ကိုယ်အား ခွဲစိပ်စစ်ဆေးရာ တစ်စုံတစ်ရာ မတွေ့ရှိရသဖြင့် အသက်အရွယ်ကြီးရင့်၍ သေဆုံးခြင်းဖြစ်နိုင် ကြောင်း၊ ထိုဧရာဝတီလင်းပိုင်အသေကောင်အား နံနက် ၁၁ နာရီမိနစ် ၂၀ အချိန်တွင် ကျင်းတူးမြှပ်နှံပြီးစီး ခဲ့ကြောင်း သိရသည်။

ရှားပါးမျိုးစိပ်ဧရာဝတီလင်းပိုင်များကို ပခုက္ကူမြို့နယ်၊ ရှားတောကျေးရွာနှင့်ညောင်းဦးမြို့နယ်၊ သစ်ထောင့် ကျေးရွာ အနီး၊ ပခုက္ကူမြို့နယ်၊ ဆိက္ခဝအုပ်စု၊ ရွာသစ်ကျေးရွာအနီးနှင့် ပခုက္ကူမြို့၊ ဧရာဝတီတံတား(ပခုက္ကူ)အနီး ဧရာဝတီမြစ်အတွင်း ကျက်စား သွားလာနေမှုများကို ၂၀၂၀ ပြည့်နှစ်၊အောက်တိုဘာလတွင်တွေ့ရှိရပြီး ဒေသခံ သတင်းမီဒီယာများနှင့် ရေလုပ်သားများစုပေါင်း၍ မှတ်တမ်းတင်ဗီဒီယိုနှင့်ဓာတ်ပုံများ ရိုက်ကူးရယူ နိုင်ခဲ့ကြကြောင်း၊ ဧရာဝတီလင်းပိုင်များ မျိုးတုံး ပျောက်ကွယ်မှု မရှိစေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ရေလုပ်သားများအနေဖြင့် ဝိုင်းဝန်းပြီး စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးရဲလွင်သိန်းက ပြောသည်။

ဆလိုင်းကိုကီး