စစ်တွေ ဩဂုတ် ၁၄
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို ကြွရောက်တော်မူကြသော ဆရာတော် သံဃာတော်များနှင့် ပြည်နယ် ဝန်ကြီးချုပ်၊ ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး အမှူးပြုသော ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။ ဆက်လက်၍ ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ ဇောတိကဓဇ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ စစ်တွေမြို့၊ ဓမ္မသုခကျောင်းတိုက်၊ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တသောမ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ကြွရောက်တော်မူကြသော ဆရာတော်သံဃာတော်အရှင်သူမြတ်များက မေတ္တသုတ်ပရိတ်တရားတော်များရွတ်ပွား သရဇျ္စာယ်ချီးမြှင့်တော်မူကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်း၊လှူဖွယ်ဝတ္ထုများနှင့် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ပရိတ်သတ်များက အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေး ဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆရာတော်သံဃာတော်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများကို ထိုးနှံပေးခြင်း၊ ဝါတွင်းကာလ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ဆွမ်းခံမထွက်နိုင် သည့် စာသင်တိုက်များသို့ ဆွမ်းဆန်တော်များ သွားရောက်ဆက်ကပ်ခြင်း စသော သသနာနုဂ္ဂဟ ကုသိုလ်များကိုလည်းဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဝါဆိုသံဃာများအတွက် လိုအပ်သော ဆွမ်းများဆက်ကပ်နိုင်ရေး စစ်တွေမြို့ပေါ် ကျောင်းများအတွက် ပေါ်ဆန်းမွှေးဆန်အိတ် ၁၀၀၀နှင့် ကျန်မြို့နယ်များအတွက် တစ်မြို့နယ်လျင်ကျပ် သိန်း ၂၀ စီ ပြည်နယ်အစိုးရအဖွဲ့မှ မတည်လှူဒါန်းပေးပြီး သက်ဆိုင်ရာမြို့နယ်များအလိုက် လှူဒါန်းနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် အလှူရှင်များပေါင်းစပ်၍ လှူဒါန်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်ထွန်း