မြင်းမူ ဩဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (SinoPharm)ကို တတိယအကြိမ် အောင်မြင်စွာထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် စုရပ်များအနေဖြင့် မြင်းမူမြို့ အနောက်ပိုင်းရပ်ကွက်ရှိ အထက(၁)၊ အထက( ၂ )၊ မိုးလုံလေလုံအားကစားခန်းမ၊ တောင်ပိုင်းရပ်ကွက်ရှိ စွန်းလွန်းကျောင်းတိုက်ဓမ္မာရုံ၊ မြောက်ပိုင်းရပ်ကွက်ရှိ အမက( ၂ ) ကျောင်းများတွင် နေရာ (၅)ခုခွဲ၍ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက ပူးပေါင်းကာ စုစုပေါင်းလူဦးရေ (၁၀၀၀)ဦးကို တတိယအကြိမ်အဖြစ်ထိုးနှံပေးပြီးဖြစ်ပါသည်။
“မြင်းမူမြို့နယ်အနေဖြင့် ပထမအကြိမ်ကာကွယ်ဆေးကို လူဦးရေ(၄၀၀၀)ကိုထိုးပေးနိုင်ခဲ့ပြီး၊ ဒုတိယအကြိမ် အနေဖြင့် လူဦးရေ(၁၅၀၀)ကို ထိုးပေးခဲ့ပြီး၊ တတိယအကြိမ်အဖြစ် ယနေ့ သြဂုတ် ၁၄ ရက်နေ့တွင် လူဦးရေ( ၁၀၀၀ )ကို ထိုးပေးနိုင်ခဲ့ပါကြောင်း စုစုပေါင်း အနေဖြင့် သာသနာ့ နွယ်ဝင်များ၊ အသက်(၆၅)နှစ်နှင့်အထက် အဖိုး၊ အဖွားများ၊ နိုင်ငံဝန်ထမ်းများနှင့် မိသားစု ဝင်များ၊ မိဘပြည်သူဦးရေ(၆၅၀၀)ကိုအောင်မြင်စွာ ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း” မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဌ ဦးရဲကိုကိုမှပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထပ်မံရောက်ရှိလာပါကကျန်ရှိသော မိဘ ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဦးစားပေး အစီအစဉ်များ အတိုင်း ဆေးထိုးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှသိရှိရသည်။
နေလင်းအောင်